- Web Master
- ၁၇ အောက်တိုဘာ ၂၀၂၄
(ရခိုင်တွင် ယခုလအတွင်း ရေနစ်သေဆုံးသူ ၁၆ ဦးအထိရှိလာ)
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ယနေ့ ငါးရှာသွားသည့်အမျိုးသားတစ်ဦး ရေနစ်သေဆုံးသွားပြီး ယခုလ တစ်လအတွင်း ရခိုင်၌ ရေနစ်သေဆုံးသူ ၁၆ ဦးအထိရှိလာသည်ဟု သိရသည်။
ယနေ့ စက်တင်ဘာလ ၂၉ ရက်၊ နံနက် ၆ နာရီခန့်ကလည်း မြောက်ဦးမြို့နယ်၊ ဆင်ဖြူတင်ကျေးရွာမှ ဦးစိန်ကျော်သန်း (၃၅)နှစ်သည် ငါးရှာသွားရာမှ ရေနစ်သေဆုံးသွားခဲ့သည်ဟု ရွာသားများက ပြောသည်။
ရွာသားတစ်ဦးက "မနက်ပျောက်သွားတာ ၉ နာရီမှာ ရွာသားတွေဝိုင်းရှာတော့ ရွာအရှေ့ဖက်ချောင်းမှာ ရေနစ်သေနေတာကို တွေ့ရပါတယ်"ဟု ပြောသည်။
သေဆုံးသူ၏ရုပ်အလောင်းကို ယနေ့ ညနေ ၄ နာရီခန့်တွင် ရွာသုသာန်၌ သင်္ဂြိုလ်ပြီဖြစ်ကြောင်း သိရသည်။
ရခိုင်တွင် ယခုလအတွင်း ရေနစ်သေဆုံးသူ ၁၆ ဦးရှိခဲ့ရာ ၎င်းရေနစ်သေဆုံးသူများမှာ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် မောင်တောမြို့နယ်များမှဖြစ်သည်။
သေဆုံးသူများထဲတွင် အသက် ၅ နှစ်အရွယ်ကလေးများအပါအဝင် အမျိုးသမီး၊ အမျိုးသားများနှင့် သက်ကြီး ရွယ်အိုများလည်း ပါဝင်သည်ဟု စစ်တမ်းများအရ သိရသည်။
ရခိုင်တွင် ပြီးခဲ့သည့် သြဂုတ်လနှင့် ဇူလိုင်လတို့အတွင်းကလည်း ရေနစ်သေဆုံးသူ စုစုပေါင်း ၃ဝ ကျော်အထိ ရှိခဲ့သည်ဟု နိရဥ္စရာသတင်းဌာနက ကောက်ယူထားသည့်အချက်အလက်များအရ သိရသည်။ (NN -10)
ဓာတ်ပုံ - ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ရေနစ်သေဆုံးသူတစ်ဦး၏ရုပ်အလောင်း