ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

မင်းပြားမြို့နယ်တွင် AAကို တပ်မတော်က ရဟတ်ယာဉ် ၂စီးဖြင့်တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 10k



သိန်းဇော် (မောင်တော)
စစ်တွေ၊ ဇွန် ၂၁/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရွှေကျင်ကျေးရွာမှ ၂ မိုင်ခန့်အကွာ တိုက်ပွဲဖြစ်ပွားနေရာ တောင်တန်းများပေါ်သို့ တပ်မတော်မှ ရဟတ်ယာဉ် နှစ်စီးဖြင့် ယနေ့ နံနက်က တိုက်ခိုက်ခဲ့ကြောင်း ကျေးရွာသားများက ပြောသည်။

ရွှေကျင်ကျေးရွာ အရှေ့ဘက် ၂ မိုင်ခန့်အကွာ ကျော်ကချောင်းတောင်တန်းတွင် နံနက် ၉ နာရီခန့်မှစပြီး ၁၁ နာရီအထိ ၂နာရီခန့်အကြာ မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန်တိုက်ခိုက်ကြပြီးနောက် မြန်မာ့တပ်မတော်ဘက်မှ ထိုကဲ့သို့ ရဟတ်ယာဉ် ၂ စီးဖြင့် တိုက်ခိုက်ခဲ့သည်ဟု တိုက်ပွဲ ဖြစ်ပွားရာ အနီးရှိ ကျေးရွာသားများက ပြောသည်။

ရွှေကျင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးညိုမောင်သိန်းကို နိရဥ္စရာသတင်းဌာနမှဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ သူက “ကျနော်တို့ ရွှေကျင်ကနေ အသံတွေကြားနေရတယ်။ ဒီမနက်ကနေ လက်နက်ကြီးအသံတွေ အဆက်မပြတ်ကြားနေရတာပါ။ နှစ်ဖက်အပြန်အလှန် ဖြစ်တယ် မဖြစ်ဘူးဆိုတာကိုတော့ ကျနော်တို့ မသိဘူး။ အတိအကျ မပြောနိုင်ပါဘူး။ ဒါပေမဲ့ ရဟတ်ယာဉ်နှစ်စီးနဲ့ သေနတ်သံထွက်တဲ့ နေရာကို မိနစ် ၂ဝလောက် ပစ်ခဲ့တာတွေ့ပါတယ်”ဟု ပြောသည်။

ထိုသို့ ရဟတ်ယာဉ်များဖြင် တိုက်ခိုက်သဖြင့် ဒေသခံကျေးရွာသားများမှာ  စိုးရိမ်ကြောက်လန့်ပြီး ဆွေမျိုးသားချင်းများရှိသည့် နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးနေကြကြောင်း၊  မြောက်ဦးဘက်နေပြီး လက်နက်ကြီးများနှင့် ပစ်ခတ်မှုများလည်း ရှိနေကြောင်း၊ ကျေးရွာသားတစ်ဦးက ပြောသည်။

ရွှေကျင်ရွာသားတစ်ဦးက “ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့ကလည်း မြောက်ဦးဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတာ ရွာနားကပ်ပြီး တောင်ကုန်းတွေနားမှာ အလုံး ၂ဝ ကျော်လောက်ကျပါတယ်။ အဲဒီနေ့ကနေ ကျေးရွာသားတွေက ထွက်ပြေးနေကြပါပြီ။ ဒီနေ့လည်း ပစ်နေပါတယ်”ဟု သူကပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဟုတ်/ မဟုတ်အတည်ပြုရန် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်းဗိုလ်မှူးကြီး ဝင်းဇော်ဦးအား နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းက တိုက်ပွဲဖြစ်ပွားခြင်းမှာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားသည်။

“တိုက်ပွဲဖြစ်တာ ဟုတ်ပါတယ်။ ရဟတ်ယာဉ်တွေနဲ့ ပစ်တယ်၊ မပစ်ဘူးဆိုတာကိုတော့ ကျနော်မသိဘူး။ တိုက်ပွဲမှာ AA ဘက်ကတော့ အထိခိုက်အကျဆုံးများတယ်”ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

ဗိုလ်မှူးကြီး ဝင်းဇော်ဦးမှ AAဘက်မှ အကျအဆုံးများနေသည်ဟု ပြောဆိုသော်လည်း နိရဥ္စရာ သတင်းဌာန အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပါ။ ရက္ခိုင်တပ်တော် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခအား ဆက်သွယ်မေးမြန်းခဲ့ရာ သူက “ကျနော်လည်းမသိရသေးဘူး။ ဆက်သွယ်မေးမြန်းနေဆဲပါ” ဟု သူက ပြန်လည် ဖြေကြားသွားသည်။

ဇွန်လ ၂ဝ ရက်နေ့ မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာမှ ဆုတောင်းပြည့် ဘုရားကြီးတွင် လုပ်နေသည့် လက်သမား ၅ ဦးအား စစ်တပ်က ခေါ်ဆောင်သွားပြီး ၄င်း ၅ဦးထဲမှ ၂ ဦးအားပြန်လွှတ်ပေးခဲ့ကြောင်း၊ ပေါက်တောပြင်ကျေးရွာသားအချို့ကိုလည်း စစ်တပ်က ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။

ဆက်စပ် သတင်းများ