- Web Master
- ၀၄ သြဂုတ် ၂၀၂၂
သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇွန် ၂၂/၂ဝ၁၉
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကျေးတောကျေးရွာတွင် နေအိမ်တစ်လုံးအား လက်နက်ကြီး ကျည်စ ထိမှန်ပြီး ခေါင်မိုး ပေါက်ထွက်သွားကြောင်းသတင်းရရှိသည်။
ဇွန်လ ၂၂ ရက်နေ့ နံနက် အစောကြီး ညဉ့် ၃နာရီခွဲခန့်တွင် လက်နက်ကြီး ကျည်စတစ်ခု နေအိမ်အား ထိမှန်ပြီး ခေါင်မိုး ပေါက်ထွက်ခဲ့ကြောင်း၊ ၎င်းကျည်စမှာ ကလေးအိပ်ပျော်နေသည့် ဘေးနားကို လာကျခဲ့ကြောင်း အိမ်ရှင်ဖြစ်သူ ဦးစောမောင်သိန်း (၃၉) နှစ်မှ နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ဦးစောမောင်သိန်းက “ ဘယ်ကနေပစ်တယ်ဆိုတာကို အတိအကျတော့ မသိဘူး။ ညမှောင်နေတော့ ဘာမှမမြင်ရဘူး။ အိမ်ခေါင်မိုးအပေါက်ကို ကြည့်ရင် မြစ်ဘက်က လာတယ်လို့ ထင်ရပါတယ်။ လက်နက်ကြီးဆံ တစ်ခုတော့ ကျနော့်ကလေးအိပ်နေတဲ့နေရာမှာ ကပ်ပြီးတော့ ကျပါတယ်” သူကပြောသည်။
အိပ်ပျော်နေချိန် လက်နက်ကြီးပစ်ခတ်မှုကြောင်း လန့်နိုးခဲ့ရကြောင်း၊ လက်နက်ကြီးအသံ သုံးချက်ကြားခဲ့ရကြောင်း ကျေးတောရွာသားများက ပြောကြားသည်။
လက်နက်ကြီးအစနှင့် နေအိမ်ခေါင်မိုး ပေါက်ထွက်သွားသည့် အနေအထားအား သက်ဆိုင်ရာ နယ်မြေတာဝန်ခံရဲက လာရောက်ပြီး ဓာတ်ပုံရိုက်ကာ သက်သေခံပစ္စည်းအားလည်း ယူဆောင်သွားကြောင်း ကိုစောမောင်သိန်းက ပြောသည်။
လက်နက်ကြီးအပိုင်းအစ နေအိမ်အတွင်း ထိမှန်ချိန်တွင် မိသားစုဝင် (၆) ဦးရှိသော်လည်း တစ်စုံတရာ ဒဏ်ရာရရှိခြင်းမရှိကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းထိ ကျေးတောရွာအနီးဝန်းကျင်တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိနေသည်ဟု ရွာသားများက ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ နယ်မြေရှိ ဗျိုင်းဖြူရွာ ရဲကင်းအား အသေးစိတ်သိရှိနိုင်ရန် ဆက်သွယ်မေးမြန်းခဲ့ရာ ဆက်သွယ်၍ မရရှိခဲ့ပါ။ အလားတူ သက်ဆိုင်ရာရဲဌာနများသို့ ဆက်သွယ် သော်လည်း အဆက်အသွယ် မရရှိသေးသဖြင့် လက်နက်ကြီး ကျည်ကျရောက်မှု ဖြစ်စဉ်ကို တင်ပြနိုင်ခြင်း မရှိသေးပါ။