ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

မင်းပြားမြို့နယ် ရွှေကျင်ကျေးရွာ အနီး ပစ်ခတ်မှုများဆက်လက်ရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 8.8k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇွန် ၂၂∕၂ဝ၁၉

မင်းပြားမြို့နယ် ရွှေကျင်ကျေးရွာ အရှေ့မြောက်ဘက်တောင်တန်းပေါ်တွင် ယနေ့ နေ့လည် ၁၂ နာရီခွဲခန့်က လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကို  အဆက်မပြတ်ကြားခဲ့ရသည်ဟု ဒေသခံ များက ပြောသည်။

“ သေနတ်သံတွေတော့ကြားရပါတယ်။  ကြည့်ရတာတော့ နှစ်ဘက် ဖြစ်တဲ့ပုံစံမျိုးပါပဲ။ အခုထိမ ရပ်သေးပါဘူး။ ရွာက လူတွေလည်း ကြောက်နေကြပြီ။ အိမ်ထဲကမထွက်ရဲကြတော့ဘူး ”ဟု ရွှေကျင် ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးညိုမောင်သန်းက  နိရဥ္စရာ သတင်းဌာနသို့ ယနေ့ နေ့လယ် ၁ နာရီကျော်က ပြောသည်။

ရွှေကျင်ကျေးရွာ အရှေ့မြောက်ဘက်တောင်တန်းပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များ အသံထွက်ပေါ်နေပြီး သေနတ်ပစ်ခတ်သံများကို ၎င်းတောင်တန်းပေါ်မှ တစ်နေရာတည်းမှ ကြားရခြင်း မဟုတ်ဘဲ အကွက်လိုက် ကြားရသည်ဟု သူက ပြောဆိုသည်။

သေနတ်သံများထွက်ပေါ်လာပြီးနောက် မိနစ်အနည်းငယ်အကြာတွင် မြောက်ဦးမြို့ရှိတပ်ရင်းများမှ လက်နက်များဖြင့် ယင်းတောင်တန်းပေါ်ကို လှမ်းပစ်မှုများ ရှိကြောင်း သိရသည်။

“လက်နက်သံတွေတော့ ကြားနေရပါတယ်။ ကြားရတာကတော့ ဒီမြောက်ဦးမှာရှိတဲ့  အမှတ် ၃၇၇ တပ်ရင်း၊  ၃၇၈  တပ်ရင်း၊ ၅၄ဝ တပ်ရင်းတို့ဘက်က ကြားရတာပါ။ အသေချာလည်း မသိရသေးဘူး။ ဘယ်နေရာကို ပစ်တယ်ဆိုတာတော့ မသိရဘူး ”ဟု မြောက်ဦးမြို့ မြတန်ဆောင်းဘုန်းတော်ကြီးကျောင်းမှ ဆရာတော်က မိန့်သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား နိရဥ္စရာမှသတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ အစည်းအဝေးထဲ ရောက်နေသဖြင့် နောက်မှ မေးမြန်းဟု ပြော၍ မေးမြန်း၍  မရခဲ့ပါ။

ဇွန်လ ၂၁ ရက်နေ့တွင်လည်း ရွှေကျင်ကျေးရွာနှင့်၂  မိုင်ခန့်အကွာ၌  ရက္ခိုင့်တပ်တော် AA နှင့် မြန်မာ့တပ်မတော်တို့ နှစ်ဘက်တိုက်ပွဲ အပြန်လှန်ဖြစ်ခဲ့ကြကြောင်းလည်း သိရသည်။

ဆက်စပ် သတင်းများ