ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ရေတပ် ရေဆွဲယာဉ် တစ်ခါပစ်ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ၊ စစ်သည် ၂ ဦးကျဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 4.4k

နိရဥ္စရာ၊ ဇွန်လ ၂၂/ ၂ဝ၁၉

ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျ ချောင်းဝတွင် ကျောက်ချရပ်နားထားသော ရေတပ်သင်္ဘော ရေဆွဲယာဉ် တစ်စီးကို ရက္ခိုင်တပ်တော် (AA) မှ တစ်ခါပစ် ဒုံးကျည်သုံးလုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် စစ်သည် တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့သည်ဟု သတင်းရရှိသည်။

အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ဆက်သွယ်မေးမြန်းရာ ရေဆွဲယာဉ် တိုက်ခိုက်ခံရခြင်းမှာ မှန်ကန်ကြောင်း အတည်ပြု ပြောကြားသည်။

“ ကျနော်တို့ ရေဆွဲယာဉ်ခေါ်တာပေါ့။ အဲဒီယာဉ်ကို ဆတ်ရိုးကျ ချောင်းဝမှာ ရပ်ထားတာခင်ဗျာ။ အမှန်က ဆတ်ရိုးကျနားမှာ ကျောက်ချပြီးရပ်ထားတာ။ ဒီနေ့မနက် ၄ နာရီဝန်းကျင်လောက်မှာ AA သောင်းကျန်းသူ အဖွဲ့ တစ်ဖွဲ့ကနေပြီးတော့ တစ်ခါပစ် လောင်ချာ နဲ့ ၃ လုံးပစ်တာပေါ့နော်။ ၃ လုံးပစ်တယ်။ ပစ်တဲ့အခါမှာ ၂ လုံးကွဲတယ်။ ၁ လုံးကတော့ မကွဲဘူးပေါ့။ အဲဒီ မပေါက်ကွဲတဲ့ တစ်လုံးကို တော့ ပစ်တဲ့နေရာဝန်းကျင်မှာ လိုက်ရှာတော့ တွေ့တာပေါ့။ ၂ လုံးကတော့ ကွဲပြီးတော့မှ ကွဲတဲ့ နှစ်လုံးထဲက တစ်လုံးက  အခုနားက ရေယာဉ်ရဲ့ ဦးပိုင်းကို ထိတယ်။ နောက်တစ်လုံးကတော့ ရေယာဉ်ရဲ့နောက် အမြီးပိုင်းကို ထိတာပေါ့။ ထိတဲ့အတွက်ကြောင့် မို့လို့ ရေယာဉ်ရဲ့ ဦးခေါင်းပိုင်း အနည်းငယ်ပျက်စီး သွားတယ်။ အလားတူပဲ အမြီးပိုင်းကလည်း အနည်းငယ်ပျက်စီးသွားတယ်။ ကျနော်တို့ဆီကတော့ စစ်သည် တစ်ချို့ အနည်းအကျဉ်း ထိခိုက်ဒဏ်ရာရတာတော့ ရှိတယ်။ အခုတော့ အဲဒီနယ်မြေ ဝန်းကျင်တဝိုက်ပေါ့နော် နယ်မြေ ရှင်းလင်း မှုတွေတော့ ထပ်လုပ်နေတာပေါ့။ အဲဒါလောက်ဘဲ ပြောလို့ရမယ်ခင်ဗျာ။ ဖြစ်စဉ်လေးက အဲဒါပဲဗျ” ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောကြားသည်။

အခင်းဖြစ်ပွားခဲ့သည့်နေရာသည် စစ်တွေမြို့နယ် ကျေးတောရွာ အနီးတွင် ဖြစ်သဖြင့် ကျေးတောရွာအား ဝင်ရောက် စစ်ဆေး ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ဗိုလ်မှူးကြီး ဝင်းဇော်ဦးက "အခုကတော့ ကျနော်တို့ နယ်မြေရှင်းလင်းတုန်းဘဲ ရှိသေးတယ်ခင်ဗျာ။ လိုအပ်လို့ ရှိရင်တော့ မသင်္ခါတဲ့လူတွေကိုတော့ စစ်ဆေးမေးမြန်းမှုပြုလုပ်မှာပေါ့ဗျာ” ဟု ပြောဆိုသည်။

ယခု တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ရက္ခိုင်တပ်တော် ပြောခွင့်ရသူ ခိုင်သုခအား ဆက်သွယ်မေးမြန်းရာ AA မှ တိုက်ခိုက်ခဲ့ခြင်းမှာ ဟုတ်မှန်ကြောင်း ပြောကြားသည်။

“ ရေတပ်သင်္ဘောကို ကျွန်တော်တို့ဘက်က ပစ်တာ မှန်ပါတယ်။ အခုတစ်လော ဗမာစစ်တပ်ကနေ ထိုးစစ်တွေ တော်တော်လေး ပြင်းထန်လာတာရှိတယ်။ အဲဒီ ထိုးစစ်တွေမှာ လိုအပ်တဲ့ လူအင်အား၊ ရိက္ခာတွေ လက်နက် ပစ္စည်းတွေကို အခု နေပြီးတော့ ရေတပ်သင်္ဘောတွေကို အသုံးပြုပြီး ထောက်ပံ့ရေးတွေ လုပ်နေတာတွေ ရှိတယ်။ ဒီအတွက် ရေတပ်သင်္ဘောတွေကိုလည်း တိုက်ခိုက်ရတာ ဖြစ်တယ်” ဟု ခိုင်သုခက ပြောဆိုသည်။

အခုနောက်ဆုံးရရှိသော သတင်းအရ ယနေ့ ညနေပိုင်းက နေပြည်တော်တွင်  ပြုလုပ်သည့် တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် ရေတပ်သင်္ဘောရေဆွဲယာဉ်မှ တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးကြောင်း အတည်ပြု ပြောကြားခဲ့သည်။

ယခုရေတပ်သင်္ဘောကို တိုက်ခိုက်ခြင်းသည် ရခိုင်စစ်ပွဲတွေအတွင်း ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ