ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းတွင် ကျေးရွာသားတစ်ဦး မိုင်းနင်းမိ၍ စစ်တွေဆေးရုံတွင် ကုသနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 3.3k

သိန်းဇော် (မောင်တော)
စစ်တွေ၊ ဇွန် ၂၂/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဘဲငါးရာတောင်တန်းအနီးမှ  ကျေးရွာသားတစ်ဦးသည်  ဇွန်လ ၂၂ ရက်  နံနက်  ၉ နာရီ ခွဲခန့်က မိုင်းနင်းမိပြီး ပြင်းထန်စွာဒဏ်ရာရရှိသွားသဖြင့် စစ်တွေဆေးရုံကြီးတွင် ကုသနေရကြောင်း သတင်းရရှိသည်။

ထုံးဗူးကျေးရွာမှ  ဦးထွန်းမောင်(၄ဝ)နှစ် ဖြစ်ပြီ ဥယာဉ်ခင်းထဲသို့ ဒညင်းသီး ခူးရန်ရွာမှ ထွက်ခွာသွားစဉ် ၁၅မိနစ်ခန့်အကြာ စမ်းမတီးချောင်း အနီးတွင် နင်းမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သူနှင့်အတူလိုက်ပါသွားသည့် တစ်ရွာတည်းနေ ဦးကျော်ထွန်းလှက “ဒညင်းသီးခူးဖို့ သွားတာပါ။ သူက အပင်ပေါ်မတက်နိုင်ဘူး။ အဲဒါကြောင့် ကျနော့်ကို အပင်ပေါ်တက်ဖို့ ခေါ်သွားတာ။ ကျနော်က ရှေ့မှ နေသွားတာ။ မြောင်းလေးတစ်မြောင်းကို ကူးတဲ့အချိန်မှာ ကျနော်လည်းမမြင်ခဲ့ဘူး။ နင်းလည်း မနင်းမိခဲ့ဘဲ ရှေ့ကိုရောက်သွားတယ်။ နောက်ကလာတဲ့ ထွန်းမောင်က နင်းမိသွားတာပါ” ဟု သူကပြောသည်။

မိုင်းနင်းမိခဲ့ပြီး ဦးထွန်းမောင်မှာ ဘယ်ဘက်ပေါင်တွင် အစက်အပြောက် အသေးစားဒဏ်ရာများ၊ ညာဘက် ခြေချင်းဝတ် အောက်ပိုင်း တစ်ခုလုံး ပြင်းထန်စွာဒဏ်ရာရရှိကာ စစ်တွေဆေးရုံသို့ ရောက်ရှိေ နကြောင်း၊ ဖြတ်ပစ်ရမည့်အနေအထားရှိသည့်အတွက်  စစ်တွေဆေးရုံသို့ ယူဆောင်လာရခြင်းဖြစ်ကြောင်း မိသားစု ဝင်များက ပြောသည်။

၎င်းမိုင်းနင်းမိသူမှာ မြိုလူမျိုးဖြစ်ပြီး မိခင် နှင့် ညီမ ၄င်းအပါအဝင် မိသားစုဝင် သုံးဦးသာရှိကြောင်း၊ မိခင်နှင့် ညီမဖြစ်သူနှစ်ဦးမှာ မသန်စွမ်းသူများဖြစ်ပြီး လက်ရှိ ဦးထွန်းမောင်မှာလည်း ခြေထောက်ဖြတ်ရမည့် အနေအထား ရှိ၍ ၄င်းတို့မိသားစုအခက်အခဲ မည်သို့ဖြစ်လာမည်ကို မတွေးရဲကြောင်း ဒေသခံတစ်ဦး ပြောပြချက်အရ သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ် ထုံးဗူးကျေးရွာအနီး ငန်းတောင်(ခေါ်)လေသာတောင်ဘက်တွင် ယခင်က တိုက်ပွဲ ဖြစ်ပွားမှုများ ရှိခဲ့ပြီး ယခုနင်းမိခဲ့သည့် မိုင်းမှာ မည်သည့်အဖွဲ့မှ ထောင်ထားခဲ့သည့် မိုင်းဆိုသည်ကို မသိကြောင်း ဒေသခံများကပြောသည်။

ဆက်စပ် သတင်းများ