ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

စစ်တွေမြို့နယ် အောင်ဒိုင်ရွာအလယ်တန်းကျောင်းတွင် H1N1 ရောဂါအကြောင်း ပညာပေးဟောပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 4.8k



နှင်းဝေဝေကျော်
နိရဥ္စရာ ၊ ဇွန် ၂၃/၂ဝ၁၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ အောင်ဒိုင်ကျေးရွာ အလယ်တန်းကျောင်းတွင် လူတုပ်ကွေး H1N1 ရောဂါနှင့်ပတ်သက်ပြီး အသိပညာပေးဟောပြောပွဲတစ်ခုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုလက်ရှိဖြစ်ပေါ်နေသော H1N1 ဟု လူသိများသည့် လူတုပ်ကွေးရောဂါနှင့် ပက်သက်ပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ဇွန်လ ၂၁ ရက်နေ့တွင် အောင်ဒိုင်ကျေးရွာအလယ်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ(၃၅ဝ)ဦးအား ပညာပေးဟောပြောခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဒေါက်တာကျော့သာစိန်က “ကျွန်မတို့ ဟောပြောပွဲ လုပ်ရတဲ့ရည်ရွယ်ချက်က ကလေးတွေကို ကျန်းမာရေး အသိပညာဖို့ ရည်ရွယ်ပါတယ်။ အဲဒီကနေတဆင့် ပြည်သူတွေဆီပျံ့နှံ့အောင် ရည်ရွယ်ပြီးတော့ အခုလို ပြုလုပ်ပေးတာပါ”ဟု ပြောသည်။

အောင်ဒိုင်ကျေးရွာရှိ ဒေသခံများသည် ယခုလက်ရှိတွင် နှာစေး၊ ချောင်းဆိုး၊ ဖျားနာခြင်းများ အဖြစ်များနေသည့် အတွက် ကျောင်းသူ၊ ကျောင်းသားများမှတဆင့် ရပ်ရွာလူထုသိရှိစေနိုင်ရေးအတွက် ယခုကဲ့သို့ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

“ကလေးငယ်တွေကိုဟောပြောတဲ့အခါ အဓိကအားဖြင့် ရောဂါဘယ်လိုကူးစက်နိုင်ပုံတွေ၊ ရောဂါကူးစက် မခံရအောင် ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့အပိုင်းတွေနဲ့ လက်သန့်ရှင်းရေးကို ဂရုစိုက်ရမယ့် အကြောင်း တွေကို ဟောပြောပေးတဲ့အပြင် လက်တွေ့သရုပ်ပြသမှုတွေကိုပါပြုလုပ်ပေးခဲ့ပါတယ်”ဟု ဒေါက်တာ ကျော့သာစိန်က ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါဟောပြောပွဲကို ကျောင်းအခြေပြုအဖြစ် ပထမဆုံးအကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းများ အားလုံး ပျံ့နှံ့နိုင်ရေးအတွက် ပညာရေးဌာနနှင့်ပူးပေါင်းကာ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များ ရှိကြောင်းလည်း သိရသည်။

ဆက်စပ် သတင်းများ