ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ်အမျက်တောင်ရွာအတွင်း လက်နက်ကြီးကျည် အိမ်ကိုထိ၍ ခွေးတစ်ကောင်သေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 7.8k

သိန်းဇော် (မောင်တော)
စစ်တွေ၊ ဇွန် ၂၄/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အမျက်တောင်ကျေးရွာအတွင်း ဇွန်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခန့် က လက်နက်ကြီးကျည် ၂လုံး ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး လူနေအိမ် မြေထိုင်တိုက်တစ်လုံး ပြတင်း မှန်များ ကွဲသွားပြီး ထိုနေအိမ်မှ ခွေးတစ်ကောင်သေဆုံးသွားကြောင်း၊ အမျိုးသမီးတစ်ဦးနှင့် ကလေငယ် တစ်ဦးမှာလည်း သွေးထွက်ဒဏ်ရာမဟုတ်ဘဲ အသေးစား ရှပ်ထိဒဏ်ရာ အနည်းငယ် ရရှိသွားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်စံသိန်းက နိရဥ္စရာသတင်ဌာနသို့ ပြောသည်။

ဦးအောင်စံသိန်း က “ ကျနော်က ဇွန်လ ၂၁ ရက်နေ့က  ရသေ့တောင်မြို့ပေါ်ကို အစည်းအဝေး သွားတက်နေတာပါ။ နေဝင်လို့ လိုင်းဘုတ်မမှီလို့ အဲဒီမှာ ညအိပ်ခဲ့ရပါတယ်။ ရွာထဲမှာ လက်နက်ကြီးကျည် ပေါက်ကွဲတယ်လို့ ကြားလို့ ရွာကလူတွေကို ဖုန်းဆက်မေးတော့ မှကျနော်လည်း သိရတာပါ။ တပ်က ရွာထဲကို ပစ်တယ် မပစ်ဘူးဆိုတာကိုတော့ မသိဘူး။ ဒါပေမဲ့ ရွာထဲမှာတော့ လက်နက်ကြီးကျည် ၂ လုံးကျတယ်လို့ သိရပါတယ်” ဟု သူက ပြောသည်။

ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်အချို့မှ ရေအိုးရေခွက်များ ကွဲကြေမှုများနှင့် အိမ်အသုံးအဆောင်ပစ္စည်အချို့လည်း ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း ကျေးရွာသားများ ပြောပြချက်အရ သိရသည်။

အမျက်တောင်ကျေးရွာ အနောက်ဘက် တောင်ကုန်းပေါ်တွင် စစ်တပ်က ခေတ္တ နေရာယူထားပြီး ထိုတောင်ကုန်းပေါ်မှနေပြီး ၄င်းတို့ရေစိုးချောင်းဗျူဟာကုန်းသို့ သွားသည့်အချိန်တွင် လမ်းကြောင်းရှင်းသည့် အနေဖြင့် ထိုသို့ပစ်ခြင်း ဖြစ်နိုင်ကြောင်း ကျေးရွာသားတစ်ဦးက ယခုလိုပြောသည်။

သူက “ ကျနော်တို့ကျေးရွာက သူတို့နေရာယူထားတဲ့ တောင်ကုန်းနဲ့ ရေစိုးချောင်း ဗျူဟာကုန်းကြားထဲမှာ ရှိတာ။ သူတို့ က အဲတောင်ကုန်းပေါ်ကနေ ဗျူဟာကုန်းကိုသွားတဲ့အချိန်မှာ ပစ်တာပါ။ နီးစပ်ရာ တောင်တန်း တွေကိုလည်း လိုက်ပစ်တယ်။ နောက်ပြီးတော့ ကျနော်တို့ ရွာဘေးနားက တောင်ကို ပစ်တယ်။ ရွာကိုပစ်တာလားဆိုတာမသိဘူး။ ရွာထဲမှာတော့ ၂လုံးကျပါတယ်”ဟု ကျေးရွာသားတစ်ဦးက ပြောသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာသားများ စိုးရိမ်ကြောက်လန့်မှုများ မြင့်တက် နေကြောင်း၊ ကျရောက်ပေါက်ကွဲချိန် ဗုံးခိုကျင်းထဲတွင် ပုန်းနေခဲ့ရကြောင်း၊ ရွာသားများက ပြောကြားသည်။

ဆက်စပ် သတင်းများ