- Web Master
- ၀၄ သြဂုတ် ၂၀၂၂
သန်းသန်း
စစ်တွေ၊ ဇွန် ၂၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကုလဘာကျေးရွာတွင် လူတစ်ဦး ဓာတ်လိုက်ခံခဲ့ရပြီး ဒဏ်ရာပြင်းထန်၍ ရန်ကုန်သို့ ပို့ဆောင်လိုက်ရကြောင်း သတင်းရရှိသည်။
ဓာတ်လိုက်ခံရသူမှာ ချောင်းဝအုပ်စု၊ ကုလဘာကျေးရွာနေ အသက် ၅၂ နှစ်အရွယ် ဦးမောင်ကျန်ချေဖြစ်ပြီး ဒဏ်ရာပြင်းထန်သည့်အတွက် ရန်ကုန်သို့ အရေးပေါ်ကားဖြင့် ယနေ့ နေ့လယ်ပိုင်းက ယူဆောင် သွားကြောင်း မိသားစုဝင်များက ပြောသည်။
ဦးမောင်ကျန်ချေ၏ ညီဖြစ်သူ ဦးလုံးထွန်းအောင်က “ကျွန်တော်တို့ကို ဆရာဝန်က ရန်ကုန်သွားပြီး ကုသ စေချင်တယ်။ လေယာဉ်လက်မှတ်က မရတော့ ဒီနေ့နေ့လယ် ၁ နာရီ ၂ နာရီဝန်းကျင်မှာ အရေးပေါ် ကားနဲ့ ယူသွားရပါတယ်”ဟု နိရဥ္စရာသို့ ပြောသည်။
ဓာတ်လိုက်ခံရသည့် ဦးမောင်ကျန်ချေသည် ဇွန်လ ၂၄ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် ကျောက်ဖြူမြို့နယ် သစ်ပုတ်တောင်လမ်းခွဲနှင့် ကုလဘာကျေးရွာကြားရှိ လမ်းချဲ့သည့်နေရာအနီးတွင် ဓာတ်လိုက်ခံခဲ့ရခြင်းဖြစ်သည်။
“နွားလိုက်သွားရာ မီးကြိုးကို လက်နဲ့သွားကိုင်မိရာကနေ အခုလိုဓာတ်လိုက်မှုဖြစ်သွားပြီး ခန္ဓာကိုယ် အရေပြား တစ်ခုလုံး စုတ်ပြဲသွားပါတယ်။ ဒဏ်ရာ အပြင်းအထန်ရရှိတာပါ” ဟု ကျောက်ဖြူမြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ဇောက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ဤကိစ္စနှင့် ပတ်သက်ပြီး ကျောက်ဖြူမြို့ EPC လျှပ်စစ်ဌာနသို့ ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရသဖြင့် EPC ဘက်မှ အမြင်သဘောထားကို တင်ပြနိုင်ခြင်း မရှိသေးပါ။
ဒဏ်ရာရရှိခဲ့သည့် ဦးမောင်ကျန်ချေတွင် သားသမီး ၄ ဦးရှိပြီး ဇနီးနှင့်အတူ လယ်လုပ်၍ စားသောက်နေသူဖြစ်ကြောင်း သိရသည်။