- Web Master
- ၀၄ သြဂုတ် ၂၀၂၂
ခိုင်လင်း
နိရဥ္စရာ၊ ဇူလိုင် ၁၂/ ၂ဝ၁၉
ပဥ္စမအကြိမ်မြောက် ရခိုင်ပြည်နယ် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစီမံချက် ရေးဆွဲရေး အလုပ်ရုံဆွဲနွေးပွဲအား ဇူလိုင်လ ၁၁ ရက်နေ့က စစ်တွေမြို့ရှိ မင်းသူရိယခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရခိုင်ပြည်နယ်သည် ကမ်းရိုးတန်းဒေသရှည်လျားပြီး ရာသီဥတုဒဏ် မုန်တိုင်းဒဏ်များကို နှစ်စဉ်ခံစားရမှုကြောင့် ပြည်နယ် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု စီမံချက်တွေကို အမှန်တကယ် အကောင်အထည် ဖော်နိုင်ရန် ရည်ရွယ်ချက်ဖြင့်ပြုလုပ်ရခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးရဲမင်းဦး ကပြောသည်။
“ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု နည်းဥပဒေပါ ပြဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်တာဖြစ်တဲ့အတွက်ကြောင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်စတဲ့ ကော်မတီတွေရဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို အသေးစိတ်အချက် အလက်တွေနဲ့တကွ ဘေးမဖြစ်မီ ဘေးဖြစ်ပြီးတဲ့နောက် ပြန်လည်ထူထောင်ရေးကဏ္ဍတွေထိ ပြည့်ပြည့်စုံစုံ ပါဝင်နိုင်အောင်ရေရှည်ထည့်သွင်းရေးဆွဲထားတဲ့ စီမံချက်ဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ ပြည်နယ်အတွက် အထူးကောင်းမွန်တဲ့ စီမံချက်တစ်ခုလို့ ယုံကြည်စွာပြောနိုင်ပါတယ်။ ” ဟု သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီဌာန ဦးစီးမှူးက ပြောသည်။
ယခုကဲ့သို့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုအပြင် အရေးပေါ်ကာလ တုန့်ပြန် ဆောင်ရွက်မှုနှင့် ပတ်သတ်၍ လုပ်ငန်းစီမံချက် လုပ်ငန်းသုံး ပစ္စည်းများဖြစ်သော ခိုလုံရာနေရာ၊ တာပိုလင်၊ ထမ်းစင် စသည့် လုပ်ငန်းများကိုလည်း ရွေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း ( IOM) မှ ပံ့ပိုးပေးခြင်းများလည်း ပါဝင်ကြောင်းသိရသည်။
“ ယခုလက်ရှိတွင် ရွှေစေတီဆရာတော်နှင့်ပေါင်းစပ်ပြီး ခိုလုံရာနေရာ စီမံခန့်ခွဲမှုနှင့်ပတ်သတ်ပြီးတော့ သင်တန်းတွေပို့ချနေတယ်။ ပစ္စည်းတွေ ပေးနေတယ်။ ဒီလိုမျိုးလုပ်နေတဲ့ကာလမှာ မင်းပြားတို့ မြောက်ဦးတို့မှာ စစ်ဘေးရှောင်တွေ ရှိလာတယ်။ ကျွန်မတို့သင်တန်းမှာ တက်ရောက်ပြီး မြောက်သွားတဲ့ ဘုန်းကြီးတွေ ၊ ပညာရေးကျောင်းက ဆရာ၊ ဆရာမတွေဟာ ခိုလုံရာနေရာတွေမှာ စီမံခန့်ခွဲမှုလုပ်တဲ့အခါ အသိပညာနဲ့အသုံးချပြီးဆောင်ရွက်နေတယ် ဆိုတာသိရတဲ့အတွက် လက်ရှိ update အတွက်ဝမ်းမြောက်မိပါတယ် ”ဟု IOM မှ အမျိုးသားအစီအစဉ်အရာရှိ ဒေါ်အေးသိမ့်သူ ပြောသည်။