- Web Master
- ၀၄ သြဂုတ် ၂၀၂၂
သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇူလိုင် ၂၂/၂ဝ၁၉
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ လမ်းမတော်ကျေးရွာအုပ်စု၊ ဒေါင်းတော်ယိုးကျေးရွာတွင် ၂ဝ၁၂ ခုနှစ် ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် အဓိဂရုဏ်းအတွင်း အသုံးပြုခဲ့သည့် တူးမီးသေနတ် ၆ လက်တွေ့ရှိ၍ ကျေးရွာသားတစ်ဦး ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။
ဖမ်းဆီးခံရသူမှာ ဦးမောင်စံအေး (၅၂) နှစ် (ဘ) ဦးမောင်လုံး ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့ ညနေပိုင်း ၃ နာရီခွဲခန့်က ဒေါင်းတောင်ယိုးကျေးရွာအတွင်း စစ်ကြောင်းတစ်ခုမှ ဦးမောင်စံအေးနေအိမ်တွင် အိမ်ထောင်စု စာရင်း စစ်ဆေးစဉ် အဆိုပါ လုပ်သေနတ်များအားတွေ့ရှိပြီး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ဒေါင်းတော်ယိုးကျေးရွာ ရာအိမ်မှူး ဦးမောင်ဟန်နုက နိရဥ္စရာ သတင်းဌာနသို့ပြောသည်။
“တပ်မ ၂၂ လက်အောက်ခံတပ်ရင်း ဒီလ ၁၈ရက်နေ့က ရွာထဲမှာ အိမ်ထောင်စု စာရင်းစစ်ဆေးတယ်။ အိမ်တိုင်း လိုလို ဝင်ရောက်စစ်ဆေးတာပါ။ အဲလိုဝင်ရောက်စစ်ဆေးတဲ့ အချိန်မှာတွေ့တာပါ။ အဲဒီသေနတ်တွေကလည်း ၂ဝ၁၂ တုန်းက လုပ်ထားတာကြာပြီ။ ရခိုင်အရေးခင်းတုန်းက လုပ်ထားတာလို့ သူတို့ကပြောပါတယ်” ဟု ရာအိမ်မှူး ဦးမောင်ဟန်နုက ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး နိရဥ္စရာ သတင်းဌာနမှ ကျောက်တော်မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ရဲစခန်းမှ အရာရှိတစ်ဦးက ၎င်းဖမ်းဆီးမှုမှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။
အဆိုပါသေနတ် တွေ့ရှိ၍ ဖမ်းဆီးခံရသူအား မည်သို့ဆောက်ရွက်သွားမည်ကို ဆက်လက်မေးမြန်းခဲ့ရာ အရာရှိက ၄င်းအနေဖြင့် ပြောရေးဆိုခွင့်မရှိသည့်အတွက် အထက်ကလူကြီးကိုမေးပါဟု ပြန်လည်ဖြေကြားသွားသည်။
အဆိုပါ ဖမ်းဆီးရမှုနှင့် ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကလည်း “ ကျောက်တော်မြို့နယ်၊ ဒေါင်းတော်ယိုးကျေးရွာ၌ တူမီးသေနတ် ခြောက်လက်ဖမ်းဆီးရမိ” ခေါင်းစဉ်ဖြင့် ဇူလိူင် ၂ဝ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
၎င်းသတင်းထုတ်ပြန်ချက်ထဲတွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်း အဖွဲ့သည် သတင်းအရ ဇူလိုင် ၁၉ ရက် ညနေ ၃ နာရီခန့်တွင် ဒေါင်းတော်ယိုး ကျေးရွာအတွင်း ဝင်ရောက် စစ်ဆေးရှာဖွေရာ ဦးမောင်စံအေး (ဘ) ဦးမောင်လုံး၏ နေအိမ် အနောက်ဘက် စပါးကျီအတွင်းမှ တူမီးသေနတ်ခြောက်လက်ကို တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သတင်းဖော်ပြထားသည်။
အဆိုပါ တူမီးသေနတ်များနှင့်အတူ ဖမ်းဆီးရမိသူအား ကျောက်တော်မြို့မရဲစခန်း၌ တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။