- Web Master
- ၀၄ သြဂုတ် ၂၀၂၂
ခိုင်လူလှ(ရိုးမမြေ)
နိရဥ္စရာ၊ သြဂုတ် ၃ဝ/ ၂ဝ၉
သြဂုတ် ၃၁ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့တွင် ပြုလုပ်မည့် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့နှင့် အစိုးရကိုယ်စားလှယ်များ ဆွေးနွေးပွဲသို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိင့်တပ်တော် ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ဦးဆောင်သောကိုယ်စားလှယ် ၆ ဦးပါ အဖွဲ့ တက်ရောက်မည် ဖြစ်ကြောင်း AA ပြောခွင့်ရသူ ခိုင်သုခမှ အတည်ပြု ပြောကြားသည်။
“ULA/AA က ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ဦးဆောင်ပြီး ဗိုလ်မှူးကြီးကျော်ဟန်အပါအဝင် ကိုယ်စားလှယ် ၆ ဦးတက်ရောက်မှာ ဖြစ်ပါတယ်။ အခုတော့ ခရီးထွက်ဖို့ ပြင်ဆင်နေကြပြီ။ မနက်ဖြန် ကျိုင်းတုံကို ရောက်မှာ ဖြစ်ပါတယ်” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။
ဆွေးနွေးပွဲတွင် ရက္ခိုင့်တပ်တော်နှင့် အတူ မြောက်ပိုင်း မဟာမိတ် လေးဖွဲ့ဖြစ်သော ကချင်လွတ်လပ်ရေး တပ်မတော် ( KIA)၊ MNDAA၊ TNLA မှ ကိုယ်စားလှယ်များလည်း အတူ တက်ရောက်ကြမည် ဖြစ်သည်။
“ ဒီဆွေးနွေးပွဲမှာတော့ အဓိက bilateral လက်မှတ်ရေးထိုးနိုင်ရေးကို အဓိကထား ဆွေးနွေးနိုင်ပါတယ်။ bilateral ပါလာရင်တော့ တိုက်ပွဲတွေ ရပ်ရေးတို့၊ တပ်နယ်မြေသတ်မှတ်ရေးတို့က အလိုလို ပါလာမှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲကျမှဘဲ ဘယ်လိုအချက်တွေကို ဦးစားပေး ဆွေးနွေးကြသလဲဆိုတာ သိရှိရမှာ ဖြစ်ပါတယ်” ဟု ခိုင်သုခက ပြောကြားသည်။
လတ်တလော ရခိုင်ပြည်နယ် အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြန်မာတပ်မတော်နှင့် MNDAA, TNLA နဲ့ AA တို့ပါဝင်သော မြောက်ပိုင်း မဟာမိတ် ညီနောင် ၃ ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်နေသဖြင့် ယခု ပြုလုပ်မည့် ကျိုင်းတုံ ဆွေးနွေးပွဲကို မြန်မာတစ်နိုင်ငံလုံးက စိတ်ဝင်တစားဖြင့် စောင့်ကြည်လျက်ရှိနေကြောင်း သတင်းရရှိသည်။
(ဓာတ်ပုံ- Hintharmedia)