သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

လက်နက်ကြီးကျည်စထိမှန်ခဲ့သည့် စေတီတောင်စစ်ဘေးရှောင်စခန်းမှ ရှစ်တန်းကျောင်းသူ စစ်တွေဆေးရုံသို့ရောက်ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 5.8k

သိန်းဇော်(မောင်တော)
စစ်တွေ၊ အောက်တိုဘာ ၃/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ကျေးရွာ၊ စစ်ဘေးရှောင်စခန်းတွင် ယမန်နေ့က လက်နက်ကြီး ကျည်စ ထိမှန်ခဲ့သည့် ရှစ်တန်းကျောင်းသူ မမြသဇင်အား စေတီတောင် တိုက်နယ် ဆေးရုံမှ ICRC မှ စပိဘုတ်ဖြင့် ယနေ့နံနက် ၈နာရီခွဲခန့်က ယူဆောင်လာခဲ့ရာ နံနက် ၁၁နာရီ ၂၃ မိနစ်တွင် စစ်တွေဆေးရုံကြီးသို့ ရောက်ရှိ လာသည်ဟု သတင်းရရှိသည်။

ယမန်နေ့ ညနေ ၄နာရီခွဲခန့်က  နွားရုံတောင်ဘက်မှ ပေါက်ကွဲသံများ ထွက်ပေါ်လာပြီးနောက် စေတီတောင်ကျေးရွာ ကယ်ဆယ်ရေးစခန်း  အဆောင်အတွင်းရှိနေစဉ် မမြသဇင်သည် လက်နက်ကြီးကျည်စ ထိမှန်ခဲ့ကာ ချက်အထက် ၂လက်မအကွာတွင် ဒဏ်ရာရရှိသည်။

ဒဏ်ရာအခြေအနေသိရှိရန်နှင့် ဗိုက်အတွင်းအစအန ရှိ/ မရှိဓာတ်မှန်ရိုက်စစ်ဆေးရန်အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC အကူအညီနှင့် စေတီတောင် တိုက်နယ်ဆေးရုံမှ စစ်တွေဆေးရုံသို့ စပိဘုတ်ဖြင့် ယူဆောင်လာခဲ့ခြင်းဖြစ်သည်ဟု မိသားစုများက ပြောသည်။

မိခင်ဖြစ်သူ ဒေါ်လှသိန်းခင်က“မနေ့က ကလေးက အိမ်ပေါ်မှာစာဖတ်ဖို့လုပ်နေတာပါ။ အဲဒီအချိန်မှာ ဖောင်းဖောင်း နဲ့မြည်ပြီး ကျည်ဆံတွေက နံရံကိုလာကျပါတယ်။ အဲဒီအချိန်မှာ ကလေးကအိမ်အောက်ကို ဆင်းပြေးတယ်။ ဗိုက်မှာထိပြီးမှ ဆင်းပြေးတာပါ။ ကျည်ဆံတွေက နွားရုံတောင်ဘက်ကနေလာတယ်။ နွားရုံတောင်ကျေးရွာ တောင်ထက်မှာလည်း စစ်တပ်ရှိတယ်။ ရွာထဲမှာလည်းရှိတယ်။ သူတို့ အဲဒီကနေ အမြဲပစ်ပါတယ်။ ဒီမနက်လည်း ပစ်ပါတယ်” ဟု ပြောသည်။

နွားရုံတောင်ဖက်မှ စစ်တပ်က ပစ်ခတ်မှုကြောင့် ဒဏ်ရာ ရရှိသွားသည်ဟု မိသားစုဝင်များက ပြောဆိုသည့် အတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ပြောရေး ဆိုခွင့်ရှိသူ ပထမတန်း စစ်ဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား နိရဥ္စရာ သတင်းဌာနမှ ယနေ့ နေ့လယ် ၂နာရီ မိနစ် ၄ဝခန့်က ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ၄င်းက ထိုကိစ္စနဲ့ပတ်သက်ပြီး မသိရသေးကြောင်း ပြန်လည်  ဖြေကြားသည်။

“မနေ့က နွားရုံတောင်မှာ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ ပစ်တာခတ်တာလည်းမရှိဘူး”ဟု  ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

စေတီတောင်ကျေးရွာနှင့် နွားရုံတောင်ကျေးရွာသည် လှမ်းမြင်နေရပြီး မိုင်ခွဲခန့်သာ ရှိကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ နွားရုံတောင် တောင်ကုန်းပေါ်မှနေပြီး စစ်တပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် တောင်ကုန်းများနှင့် ကျေးရွာအနီးသို့ ပစ်ခတ်မှုများ မကြာခဏ ကြားနေရ သည်ဟု စေတီတောင်ကျေးရွာသို့ စစ်ဘေးရှောင်ရောက်ရှိ လာကြသူများက ပြောသည်။

“အခုကျနော်တို့မှာ အဖေလည်းမရှိတော့ဘူး။ အမေတစ်ယောက်တည်းဘဲရှိတော့တာ။ ညီမလေး အခုလိုဖြစ်သွားလို့ ကျောင်းတစ်နှစ် နောက်ဆုတ်လိုက်ရမယ်ဆိုရင် ညီမလေးရဲ့ပညာရေး အခြေအနေက အဆင်မပြေ ပိုဆိုးလာနိုင်ပါတယ်” ဟု မမြသဇင်၏ အစျကိုဖြစ်သူ ကိုစိုးလင်းအောင်က ပြောသည်။

အနီးအနားမှ ကျေးရွာများဖြစ်ကြသည့် ကွမ်းတောင်၊ နွားရုံတောင်၊ စံ၈ိုးထောင်၊ ဥယာဉ်သာ၊ စပါးထား စသည့်ကျေးရွာများအပါအဝင်  ရွာပေါင်း ၁ဝကျော်မှ ကျေးရွာသားများက စေတီတောင်ကျေးရွာ တစ်ရွာသာ လုံခြံသည်ဟုဆိုကာ လာရောက်ခိုလုံနေကြချိန် ထိုသို့လက်နက်ကြီးကျည်စ ထိမှန်သွာသည့်အတွက် မည်သည့်နေရာတွင် လုံခြုံစွာနေရမည်ကို မသိတော့ကြောင်း မမြသဇင်မိသားစု ဝင်များကပြောသည်။
 
 လက်နက်ကြီး လက်နက်ငယ်များ မကြာခဏ ကြားနေရသည့်အတွက် ကျောင်းသား/ကျောင်းသူများမှာ ကျောင်းစာကို အာရုံမစိုက်နိုင်ကြကြောင်း၊ မသွားရဲ မလာရဲ အပြင်ထွက်ပြီး အလေးအပေါသွားမည်အရေးကိုလည်း မသွားရဲ မလာရဲ ကြောက်လန့်နေရကြောင်း စေတီတောင်ကျေးရွာမှ စစ်ဘေးရှောင် ကျောင်းသားမိဘများက ပြောသည်။

ဆက်စပ် သတင်းများ