- Web Master
- ၀၄ သြဂုတ် ၂၀၂၂
သိန်းဇော်(မောင်တော)
စစ်တွေ၊ အောက်တိုဘာ ၂ဝ/၂ဝ၁၉
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ဆိပ်ကမ်းတွင် ခရီးသည်တင် အမြန်ရေယာဉ်နှစ်စီး မတော်တဆ တိုက်မှုဖြစ်ပွားခဲ့သော်လည်း ခရီးသည်များ တစ်စုံတစ်ရာထိခိုက်မှု မရှိကြောင်း သတင်းရရှိသည်။
ယနေ့ နံနက် ၉နာရီခန့်က မာန်အောင်မှ တောင်ကုတ်သို့ ခရီးသည်တင်ဆောင်ပြီး ထွက်ခွာရန် ပြင်ဆင်နေစဉ် ရွှေပြည်တန်နှင့် ရွှေလင်းယုန် အမြန်ရေယာဉ်တို့ မတော်တဆ မာန်အောင်မြို့ ဆိပ်ကမ်းတွင် မတော်တဆ တိုက်မိခြင်း ဖြစ်ကြောင်း ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းမှ ကိုညီလေးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
“ ကျနော်တို့ဆုတ်ပြီး ထွက်တဲ့အခါ ရွှေလင်းယုန်က ခွာပေးလို့ ရှေ့မှာမော်တာနဲ့ ရွှေလင်းယုန်ငြိမှာစိုးလို့ ပြန်ဆုတ်တဲ့ အခါ နောက်ကနေ ရွှေပြည်တန်ကို တိုက်မိသွားတာပါ ” ဟု ကိုညီလေးက ပြောသည်။
ထိုသို့မတော်တဆ တိုက်မိသည့် အတွက် ရွှေပြည်တန် အမြန်ရေယာဉ်မှာ ဝမ်းဗိုက်ပေါက်ကာ ရေဝင်သည့်အတွက် ရေယာဉ်ပေါ်မှ ခရီးသည်များအား ကုန်းပေါ်သို့အမြန် ပြန်လည်တင်ပေးခဲ့ရကြောင်း၊ ခရီးသည်များမှာ တစုံတရာ ထိခိုက်မှုမရှိကြောင်း ကိုညီလေးက ပြောသည်။
ရွှေပြည်တန် အမြန်ရေယာဉ်ပေါ်မှ ခရီးသည်တစ်ဦးက “ဒိုင်းနဲ့တိုက်မိတော့ ရေဝင်တယ်။ အမြန်ယာဉ်ပေါ်ကလူတွေ စိုးရိမ်ကြောက်လန့်ပြီး ခရီးသည် အကုန်လုံးအော်ကြပါတယ်။ မိန်းကလေးတွေဆိုရင်အော်ပြီး အထုပ်တွေကိုဆွဲ၊ အသက်ကယ် အင်္ကျီ တွေဝတ်ကြတယ်။ အဲ့ဒီအချိန်မှာ ရေယာဉ်ကို ကမ်းကိုပြန်ကပ်ပေးပြီး ကုန်းပေါ်ကို တက်ပြေး ခဲ့ကြရတယ်” ဟု ပြောသည်။
ထိုသို့ထိခိုက်မှုကြောင့် ခရီးသည်များ အချိန်ကြံ့ကြာ ခရီးနှောင့်နှေးခဲ့ရကာ အလုပ်အတွက်ချိန်းဆိုထားမှုများလည်း ပျက်စီးခဲ့ရကြောင်း ရွှေပြည်တန် အမြန်ရေယာဉ်ပေါ်လိုက်ပါမည့် ခရီးသည်တစ်ဦးမှ ပြောသည်။
ယနေ့ နေ့လယ် ၂နာရီက မာန်အောင်မြို့ ရွှေလင်းယုန် အမြန်ရေယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးအား နိရဥ္စရာ သတင်းဌာနမှ ဆက်သွယ်ခဲ့ရာ အလုပ်မအားသေးသဖြင့် ခဏနေမှ ပြန်ဆက်ပါ ဟု ပြန်လည် ဖြေကြားသွားသည်။
မတော်တဆ ထိခိုက်မှုကြောင့် ရွှေပြည်တန်အမြန်ရေယာဉ်မှာ ဝမ်းဗိုက်ပေါက်သွားသည့်အတွက် ပြန်လည်ပြုပြင်ရန် စစ်တွေမြို့သို့ ယူဆောင်လာနေကြောင်း မာန်အောင်ရွှေပြည်တန် အမြန်ရေယာဉ်လိုင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဓာတ်ပုံ- Zaw Htwe Naing facebook