- Web Master
- ၀၄ သြဂုတ် ၂၀၂၂
သိန်းဇော်(မောင်တော)
စစ်တွေ၊ နိုဝင်ဘာ ၁၄/၂ဝ၁၉
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှ သံသယဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသည့် ရွှေနဒီအမြန်ရေယာဉ် ပိုင်ရှင်နှင့် ဝန်ထမ်း ၇ ဦးတို့အား နိုဝင်ဘာ ၁၂ ရက်နေ့က ဘူးသီးတောင်မြို့နယ်တရားရုံးတွင် ထပ်မံရုံးထုတ် ရမန်ယူခဲ့ကြောင်း သတင်းရရှိသည်။
ယခု ရမန်ယူခြင်းသည် ဒုတိယအကြိမ် ဖြစ်ပြီး ပထမအကြိမ် ရမန်ကြီး နှစ်ပတ်ကို အောက်တိုဘာလ ၂၉ ရက်နေ့က ဘူးသီးတောင်မြို့နယ်တရားရုံးတွင် ယူခဲ့သည်။
ရွှေနဒီအမြန်ရေယာဉ်ပိုင်ရှင် ဦးရွှေသန်းနှင့် ဝန်ထမ်း ၇ ဦးတို့သည် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ အပါအဝင် လူပေါင်း ၅၈ ယောက်ကို ရက္ခိုင့်တပ်တော် (AA) မှ အောက်တိုဘာ ၂၆ ရက်နေ့ ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သံသယဖြင့် ဖမ်းဆီး စစ်ဆေးခံနေကြရသူများ ဖြစ်ကြသည်။
“သူတို့ကို အရင်ရမန်ကြီးတစ်ပတ်ယူတယ်။ နောက်ထပ်စစ်ဆေးစရာရှိလို့ နောက်ထပ်ရမန်ကြီး တစ်ပတ် ထပ်ယူတာပါ။ တစ်လဆိုရင် သူတို့ ရဲလုပ်ငန်းရဲ့ တာဝန်က ပြီးပြီလေ။ အခုကနေပြီးတော့ ရမန်ကြီး ယူတာ နှစ်ကြိမ် ရှိပြီ။ သူတို့ကတော့ မှန်မှန်ကန်ကန် စစ်တယ်လို့တော့ပြောပါတယ်။ ဒီကလည်း မှန်မှန်ကန်ကန်ဖြေတယ်ပေါ့။ သူတို့မှာ အပြစ် မရှိရင် ပြန်လွတ်ဖို့အဆင့်ဖြစ်တယ်လေ” ဟု ဘူးသီးတောင်မြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးရဲသိန်းက နိရဥ္စရာ သတင်းဌာနသို့ပြောသည်။
အမြန်ရေယာဉ်ပိုင်ရှင်နှင့် ဝန်ထမ်းများမှာ ရိုးသားသူများဖြစ်၍ အမှုမရှိသည့်အတွက် ပြန်လွတ်မည်ဟု ယုံကြည်ကြောင်း၊ ရွှေနဒီအမြန်ရေယာဉ်အား ထားဆီးခံရပြီး ခရီးသည်များ ဖမ်းဆီးခေါ်ဆောင်ခံရမှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့သို့ ကြိုတင်အကြောင်းမကြားဟုဆိုကာ စွဲချက်တင် ဖမ်းဆီးခြင်းမှာ တစ်ဖက်သတ်ဖြစ်နေကြောင်း ဦးရဲသိန်းက ဆက်ပြောသည်။
“ကိုဦးရွှေသန်းက ဒီမှာ ဘူးသီးတောင်မှာဘဲနေတာ။ သူက ဘူးသီးတောင်မှာ ဆိုင်ဖွင့်လို့ အလုပ်လုပ်နေတာ။ သူ့ကို ပါ အမှုပတ်သွားတယ်ဆိုတော့ အင်မတန်မှ မိသားစုဝင်တွေကလည်း စိုးရိမ်သွားတယ်။ သူကရွှေနဒီပိုင်ရှင်ဆိုရင်လည်း သူက ဒီမှာဆိုင်ဖွင့်လို့နေတာ ဘာမှမသိဘူး။ ကြိုတင် သူတို့ကို ကြောင်းမကြားဆိုပြီး ဖမ်းတယ်လို့ ပြောတယ်။ ကြိုတင် အကြောင်းကြားဖို့ အမြန်ရေယာဉ်နဲ့ ဖုန်းအဆက်အသွယ်မရရင် ဘယ်သူနဲ့ ဘယ်လို အကြောင်းကြားမလဲ” ဟု ၄င်းက ပြောသည်။
ရွှေနဒီအမြန်ရေယာဉ်ပိုင်ရှင်၊ ရေယာဉ်မောင်းသူ၊ စက်ဆရာ အပါအဝင် ဝန်ထမ်း ၇ ဦးတို့အား နိုဝင်ဘာလ ၁၂ နေ့ နေ့လယ် ၁ နာရီ ရုံးထုတ်ခဲ့ရာတွင် မိသားစုဝင်များနှင့်တွေ့ရကြောင်း၊ ဖမ်းဆီးခံထားရသူများအထဲမှ အသက် မပြည့်သည့် ဝန်ထမ်း လူငယ်တစ်ဦးအား ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စာလှယ် ဦးမောင်ကျော်ဇံက “ သူတို့ကို အခု အမှတ်(၃) နယ်ခြားစောင့် တပ်ရင်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ဟိုတစ်နေ့က နယ်ခြားစောင့် ရဲမှူးကြီး အေးနိုင်ဦးတွေ့တော့ ရွှေနဒီပိုင်ရှင် ဦးရွှေသန်းအပါအဝင် သူတို့ ၇ ဦးကို ကောင်းမွန်စွာထားတယ်လို့ ပြောပါတယ်။ အခု ထပ်ပြီး ရမန်ကြီး နှစ်ပတ်ယူတယ်။ နောက်ထပ် ရမန်ယူလို့ မရတော့ဘူး။ ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေ တင်ပြနိုင်မှ တရားစွဲလို့ ရမယ်။ မတင်ပြနိုင်ရင် လွှတ်မယ်” ဟု ပြောကြားသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့က စစ်တွေမှ ဘူးသီးတောင်သို့ မေယူမြစ်အတိုင်း မောင်းနှင်လာသည့် ခရီးသည်တင် မောင်းနှင်လာသည့် ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ခရီးသည် ၅၈ ဦးကို ရသေ့တောင်မြို့နယ် ရေမျက်ကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော်(AA) က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ ဖမ်းဆီးခံရသူများထဲမှ ၁၅ ဦး ထွက်ပြေးလွှတ်မြောက်လာခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
ကျန်လူများအထဲမှ အရပ်သား ၂၅ ဦးကို နိုဝင်ဘာ ၅ရက်နေ့က AA က ဘူးသီးတောင်မြို့နယ် ငွေတောင်ကျေးရွာတွင် ပြန်လွှတ်ပေးခဲ့သည်။ ကျန်ရှိနေသူ ၁၇ ဦးအား ကြားဝင်ဆောင်ရွက်ပေးသူများရှိပါက သုံ့ပန်းအဖြစ်ဖြင့် လှဲလှယ်လိုသည်ဟု AA မှ သတင်းထုတ်ပြန်ထားသည်။
--------------------------
Unicode: