ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ပေါက်တောမြို့နယ် ဟင်းခရော်ကျေးရွာတွင် ဆရာတော်ဦးဥတ္တမကြေးရုပ်တုတော်အား တည်ထားပူဇော်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 483

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဇန်နဝါရီ ၂၀ / ၂၀၂၀

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ဟင်းခရော်ကျေးရွာတွင် ဆရာတော်ဦးဥတ္တမကြေးရုပ်တုဖွင့်ပွဲအား ဇန်နဝါရီလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ ရုပ်တုတော်အား ရွာအလယ် စာကြည့်တိုက်အနီး ရွာသူ/ သားများပိုင်ဆိုင်သော မြေကွက်တွင် ရွာခံ ဦးဦးစောညွန့်တို့မိသားစုက တည်ထားပူဇော်ခြင်းဖြစ်သည်ဟု သိရသည်။

ဆရာတော်ဦးဥတ္တမကြေးရုပ်တုတော်အား ကျေးရွာတွင် ပြုလုပ်ပူဇော်ရသည့်အတွက် အလွန်ဝမ်းသာမိကြောင်း ရုပ်တုအလှူရှင် ဦးဦးစောညွှန့်ကပြောသည်။

“ကျနော်တို့ ဒီရုပ်တုကို ပူဇော်ရတာကတော့ ဆရာတော်ဦးဥတ္တမဟာ အာရှတစ်ခွင်မှာ မီးရှူးတန်ဆောင် ဆရာတော်တစ်ပါးလည်းဖြစ်တယ်။ ရခိုင်လူမျိုးလည်းဖြစ်တယ်။ နောက်ပြီးတော့ ရခိုင်လူမျိုးဟာ ကျွန်လူမျိုးမဟုတ်ဘူး။ သခင်ဖြစ်အောင် ကြိုးစားခဲ့တဲ့ လူမျိုးတွေဖြစ်တယ်ဆိုတာကို နောင်လာနောက်သားတွေ သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျနော်ဒီရုပ်တုကို ပြုလုပ်ပူဇော်ရတာဖြစ်တယ်” ဟု ဦးဦးစောညွှန့်က ပြောသည်။

အဆိုပါရုပ်တုကို စစ်တွေတွင် သွန်းလုပ်ခဲ့ခြင်းဖြစ်ပြီး ကျပ်သိန်း (၅ဝ)ကုန်ကျခဲ့သည်ဟုလည်း သိရသည်။

အဆိုပါရုပ်တုတည်ထားသော မြေနေရာတွင် ခြံစည်းရိုးများကာပြီး ပန်းခြံတစ်ခုအဖြစ် ပြုလုပ်သွားမည်ဟုလည်း ဟင်းခရော်ကျေးရွာဆရာတော် ဦးသြဘာသက မိန့်ကြားသည်။

ဦးသြဘာသက “ဒီရုပ်တုတော် တည်ထားတဲ့ နေရာမှာ ဆရာတော်နဲ့အတူ ရပ်သူ/ရွာသားတွေက ခြံစည်းရိုးကာပြီးတော့ ပန်းပင်တွေစိုက်ပျိုးသွားဖို့လည်းရှိတယ်” ဟု မိန့်သည်။

ဇန်နဝါရီ ၁၈ ရက်နေ့ ညကလည်း ဆရာတော် ဦးဥတ္တမကြေးရုပ်တုအား ပူဇော်ကန်တော့ပွဲ အထိမ်းအမှတ်အဖြစ် စာပေဟောပြောပွဲတစ်ရပ်ကို အဆိုပါကျေးရွာတွင် ပြုလုပ်ခဲ့ကြသေးသည်။

ယင်းစာပေဟောပြောပွဲတွင် ဆရာတော် အသျှင်ဣန္ဒဝံသ (ကိန်းသာ)၊ စာရေးဆရာ ဗိုလ်ကျန်၊ ကိုအမ်းသားကြီးနှင့် ကိုခိုင်မျိုးထွန်းတို့က တက်ရောက်ဟောပြောခဲ့ကြကြောင်း သိရသည်။

ဆရာတော်ဦးဥတ္တမကို ၁၈၇၉ ခုနှစ် ဒီဇင်ဘာ ၂၈ နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရူပမြောက်ရပ်ကွက်၌ မွးဖွားခဲ့သည်။ ဆရာတော်သည် နယ်ချဲ့အင်္ဂလိပ်ကိုလိုနီလက်ထက်က မြန်မာပြည်သာမက အာရှတိုက်တစ်ခုလုံးလွတ်လပ်ရေးရဖို့ လွတ်လပ်ရေးအသိ၊ လွတ်လပ်ရေးမျက်စိကိုဖွင့်ပေးခဲ့သည့် ကိုယ်ကျိုးစွန့်ကြိုးပမ်းခဲ့သော အာဇာနည်ပုဂ္ဂိုလ်တစ်ပါးလည်းဖြစ်သည်။ မြန်မာပြည်သူတို့ နယ်ချဲ့ကိုလိုနီကို ဖိန့်ဖိန့်တုန်အောင်ကြောက်နေရချိန်တွင် ဆရာတော်ဦးဥတ္တမသည် အင်္ဂလိပ်ဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်ကိုတောင် မြန်မာပြည်မှထွက်သွားဟု သူရိယသတင်းစာမှတဆင့် မောင်းထုတ်ရဲခဲ့သည့် အာဂဆရာတော်ဖြစ်သည်။ နိုင်ငံရေးတရားများဟောပြောမှုကြောင့် မြန်မာနိုင်ငံရှိ ရဟန်းတော်များအနက် ပထမဆုံး ထောင်နန်းစံခဲ့ရဖူးသည့် ရဟန်းတော်တစ်ပါးလည်းဖြစ်သည်။ ဆရာတော်သည် ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ရန်ကုန်မြို့၌ ပျံလွန်သွားခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

ယခုကဲ့သို့ အားကျအတုယူဖွယ်ကောင်းသည့်ဆရာတော်ဦးဥတ္တမ၏ကြေးရုပ်တုအား တည်ထားပူဇော်ရသည့်အတွက်လည်း ရပ်သူ/ ရွာသားများ အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်နေကြသည်။

ဆရာတော်ဦးဥတ္တမရုပ်တုတော်အား ပေါက်တောမြို့ပေါ်အပါအဝင် ပေါက်တောမြို့နယ် အဝကံကျေးရွာနှင့် ဟင်းခရော်ကျေးရွာစသည့် နေရာသုံးခုတွင် တည်ထားပူဇော်လျက်ရှိကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ