ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ကျောက်တော်တွင် ဆန္ဒထုတ်ဖော်သူ စစ်ဘေးရှောင်များ ခံဝန်လက်မှတ်ထိုးခဲ့ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 9k

ဇွဲဓန (ကိန်းသာမြေ)
နိရဥ္စရာ၊ ဇန်နဝါရီ ၂၁ / ၂၀၂၁

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ မဟာကံကြီးသျှင်ဘုရားရင်ပြင်ပေါ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့သည့်စစ်ဘေးရှောင်များသည် ဒေသအာဏာပိုင်များထံ ခံဝန်လက်မှတ်ရေးထိုးခဲ့ရသည်ဟု သတင်းရရှိသည်။

ဆန္ဒထုတ်ဖော်မှုကိုဦးဆောင်၍ ခံဝန်လက်မှတ်ထိုးခဲ့ရသူများမှာ ကျောက်တော်မြို့နယ် မာလာကျေးရွာသားများဖြစ်ကြသည့် ဦးစောရွှေသိန်း ၊ ကျေးရွာရာအိမ်မှူး ဦးဦးသန်းလှိုင်၊ ဦးသန်းေအေးမောင်၊ ဒေါ်ဝိုင်းမချေနှင့် ဒေါ်မစံသိန်းတို့ဖြစ်သည်။

၎င်းတို့ ၅ ဦးကို ကျောက်တော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ဇန်နဝါရီလ ၂ဝ ရက်နေ့ နေ့လယ် ၂ နာရီခန့်မှ ညနေ ၆ နာရီကျော်အထိ ခေါ်ယူစစ်ဆေးခဲ့ပြီး ခံဝန်လက်မှတ်ဖြင့် ပြန်လွှတ်ပေးလိုက်သည်ဟု လက်မှတ်ထိုးခဲ့ရသူများက ပြောသည်။

စစ်ဆေးခံရသူတစ်ဦးဖြစ်သည့် ဦးစောရွှေသိန်းက ̏ စစ်ဆေးတာက ကျနော့်ကို ဆန္ဒပြတာလားလို့ မြို့နယ်အုပ်ချုပ်ရေးမှူးက မေးပါတယ်။ ကယ်ဆယ်ရေး စခန်းတာဝန်ခံရဲ့ ခွင့်ပြုချက်မရှိဘဲ ပြောဆိုခွင့်မရှိဆိုပြီး ကျနော်တို့ကို လက်မှတ်ထိုးခိုင်းတယ်။ ကျနော်တို့ လက်မှတ် ထိုးခဲ့ရတယ်။ ပြီးတော့ ဘယ်သူ၏ ခေါင်းဆောင်မှုနဲ့ လုပ်တာလဲ မေးတယ်။ အခုလိုလုပ်တာ ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ နဲ့ငြိနေတယ်လို့ ပြောပါတယ်။ ̋ ဟု ပြောသည်။

နောက်နောင် ယခုကဲ့သို့မဖြစ်ပေါ်စေရန်နှင့် ယခုကဲ့သို့ပြုလုပ်မည်ဆိုပါက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကိုအကြောင်းကြားပြီးမှ လုပ်ရမည်ဟု ပြောဆိုလိုက်သည်ဟုလည်း စစ်ဆေးခံခဲ့ရာတွင်ပါဝင်သည့် မာလာကျေးရွာ ရာအိမ်မှူး ဦးဦးသန်းလှိုင်က ပြောသည်။

၄င်းက ̏ ငြိမ်းစုစီဆိုတာကို ကျနော်တို့လည်း မသိဘူး။ မသိဆိုတော့ တစ်ကြိမ်တစ်ခါ ခွင့်လွှတ်လိုက်မယ်လို့ ပြောတယ်။ ဒီလိုလုပ်ရပ်က ထောင်ဒဏ် သုံးလ ထိရှိတယ်လို့ပြောတယ်။ နောက်ထပ် မဖြစ်စေဖို့ လက်မှတ်ထိုးခိုင်းတယ်။ နောက်ထပ် လုပ်မယ်ဆိုရင် သူတို့ကို ပြောပြီးမှ လုပ်ရမယ်လို့ ပြောပါတယ်။ ̋ ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူးအား ဖုန်းဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုပြောဆိုခြင်း မရှိခဲ့ပါ။
ကျောက်တော်မြို့ပေါ်ကယ်ဆယ်ရေးစခန်းများတွင်ခိုလှုံနေကြသည့် အဆိုပါမြို့နယ် မာလာကျေးရွာနှင့် တင်းမကျေးရွာတို့မှ စစ်ဘေးရှောင် လူဦးရေ ၃ဝ ခန့်သည် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မြို့ပေါ်ရှိ မဟာကံကြီးသျှင်ဘုရားရင်ပြင်ပေါ်၌ ဗီနိုင်းဆိုင်းဘိုးများကိုင်ဆောင်ကာ နာရီဝက်ခန့်အကြာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

ယင်းသို့ဆန္ဒထုတ်ဖော်ရာတွင် တပ်မတော်မှ တိုးချဲ့စစ်အင်အားများနှင့် စစ်စခန်းများအား ချက်ချင်းရုပ်သိမ်းပေးရန်၊ အကြမ်းဖက် ကျူးလွန် နေသူများအား ချက်ချင်းအရေးယူပေးရေး၊ ရွာသားပိုင် ပစ္စည်းများအား ရွာသားများ လွတ်လပ်စွာသွားလာသယ်ယူခွင့် ချက်ချင်းပေးရန်၊ ရွာတွင် ကျန်ရှိခဲ့သော ကျွဲ၊ နွား၊ ဝက်၊ ဆိတ်၊ ကြက်၊ စပါး၊ ဆန်၊ ဆိုင်ကယ်၊ ထော်လာဂျီ၊ ထွန်းစက်၊ စက်ဘီး၊ ရေစုပ်စက်နှင့် အခြားပစ္စည်းများအား အစိုးရက ပြန်ပေးရန်နှင့် ကျေးရွာအနီးပတ်ဝန်းကျင်ရှိ မြေမြုပ်မိုင်းတို့အား ဖယ်ရှားပေးရန်စသည့်အချက်များကိုတောင်းဆိုခဲ့ကြသည်ဟုလည်း သိရသည်။
ဓာတ်ပုံ - ဦးကျော်လှမြင့်

ဆက်စပ် သတင်းများ