ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

မြောက်ဦးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများ၌ မိုင်းအန္တရာယ် အသိပညာပေးမှု ပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 5.6k

ဇော်ဝင်းဌေး(ငခူချောင်း)
နိရဥ္စရာ၊ ဇန်နဝါရီ ၂၁/ ၂၀၂၁

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများဖြစ်ကြသော နရတ်စားဘုရားသိမ်စစ်ဘေးရှောင်စခန်း၊ ရွှေထီးဆောင်းစစ်ဘေးရှောင်စခန်းနှင့် မြတန်ဆောင်းစစ်ဘေးရှောင်စခန်းများ၌ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးမှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းများတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) အဖွဲ့များပူးပေါင်း၍ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးမှုကို ဇန်နဝါရီလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သည်ဟု သိရသည်။

မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးမှု၌ ပါဝင်သည့် စစ်ဘေးရှောင်စခန်းတစ်ခုဖြစ်သော မြတန်းဆောင်စစ်ဘေးရှောင်စခန်းမှ စခန်းတာဝန်ခံက မိုင်းအန္တရာယ်ကြောင့် ဖြစ်လာသည့် ဆိုးကျိုးများနှင့် မိုင်းရှိသည်ဟု သံသယရှိပါက သက်ဆိုင်ရာအဖွဲ့များနှင့် အာဏာပိုင်များ သို ့တိုင်းကြားကြရန် ထည့်သွင်းပြောကြားခဲ့သည်ဟု ပြောသည်။

“ ကြက်ခြေနီအဖွဲ့အစည်းတွေက မိုင်းအန္တရာယ်အကြောင်း ရှင်းပြတယ်။ လက်ကမ်းစာစောင်တွေ၊ ဆိုင်းပုဒ်တွေ ချိတ်ထားပေးခဲ့တယ်။ ပြီးတော့ မိုင်းရှိတဲ့နေရာတွေမှာ အမှတ်အသားများပြုလုပ်ဖို့ ပြောတယ်။ စစ်ဘေးရှောင်တွေက မိုင်းနဲ့ ပတ်သက်ပြီးတော့ သိပ်ပြီးတော့မသိကြဘူး။ လုံးဝကိုမသိကြပါဘူး။ မသိတဲ့အတွက်ကြောင့် ထုကြည့်၊ ခွဲကြည့် လုပ်ကြတာတွေ ရှိခဲ့ကြတယ်။ ဒီအသိပညာပေးမှုတွေ ပြုလုပ်ပေးပြီးတဲ့အခါ မိုင်းတွေ၊ ပေါက်ကွဲစေတတ်တဲ့အရာတွေကို ဘယ်လိုပုံစံမျိုးနဲ့ ကာကွယ်ရမယ်ဆိုတာတွေကို သိလာကြပါတယ်” ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲကာလအတွင်း မိုင်းကြောင့် ၄၀ ဦး သေဆုံးပြီး ၇၄ ဦးအထိ ထိဒဏ်ရာရရှိမှုများ ရှိခဲ့သည်ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဇန်နဝါရီ ၁၁ ရက်နေ့၌ပြုလုပ်ခဲ့သည့် ပြည်နယ် လွှတ်တော်အစည်းအဝေး၌ ပြောကြားသွားခဲ့သည်။

ရခိုင်ပြည်နယ်တွင် ၂ နှစ်တာကာလအတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲအတွင်း မြေမြှုပ်မိုင်းနှင့် စစ်လက်နက်ခဲယမ်းများ ပေါက်ကွဲမှုကြောင့် လူပေါင်း ၄၀ ဦးခန့်သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ ထုတ်ပြန်ချက် စာရင်းအရ သိရသည်။

ယူနီဆက်မြန်မာကလည်း မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်း ပေါက်ကွဲမှုကြောင့် ကလေးများသေဆုံးမှုမှာ ရခိုင်ပြည်နယ်၌ အများဆုံးဖြစ်ပြီး အစိုးရအနေဖြင့်လည်း အရေးပေါ်မိုင်းအန္တရာယ်ပညာပေး လှုပ်ရှားမှုများကို ဆောင်ရွက်ရန်လိုအပ်သည်ဟု ဇန်နဝါရီ ၁၂ ရက်နေ့တွင် တိုက်တွန်းထုတ်ပြန်ထားသည်။

Photo - IPRD Rakhine State

ဆက်စပ် သတင်းများ