ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

တောင်ကုတ်မြို့နယ် ANP ဒုဥက္ကဋ္ဌ ဦးဝေသောင်းပါ ၄ ဦးအမှု တရားလိုပြသက်သေအားလုံးအား စစ်ဆေးပြီးစီး၊ ဖေဖော်ဝါရီလ(၅)ရက်နေ့တွင် စွဲချက်တင်သင့်၊ မတင်သင့် နှစ်ဖက်လျှောက်လဲချက်ပေးမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 7k

ဇော်ဝင်းဌေး(ငခူချောင်း)
နိရဥ္စရာ၊ ဇန်နဝါရီ ၂၃/ ၂၀၂၁

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ ရခိုင်အမျိုးသားပါတီ(ANP)ဒုဥက္ကဋ္ဌ ဦးဝေသောင်းပါ ၄ ဦး၏အမှုတွင် တရားလိုပြသက်သေအားလုံးအား စစ်ဆေးပြီးစီးသွားပြီဖြစ်သည့်အတွက် ၎င်းတို့အား စွဲချက်တင်သင့်၊ မတင်သင့် လာမည့် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် နှစ်ဖက်လျှောက်လဲချက်ပေးသွားမည်ဟု အဆိုပါအမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဒေါ်သိင်္ဂီမောင်က နိရဥ္စရာသို့ပြောသည်။

“စွဲချက်တင်သင့်၊ မတင်သင့် လျှောက်လဲချက်ပေးဖို့အတွက် ဖေဖော်ဝါရီလ ၅ ရက်နေ့ကို ချိန်းဆိုလိုက်ပါတယ်။ ၅ ရက်နေ့ကျတော့ စွပ်စွဲခံထားရသည့် ၄ ယောက်လုံးကို စွဲဆိုထားတဲ့ပုဒ်မတွေနဲ့ပတ်သက်ပြီး ကျုးလွန်ခြင်းမရှိကြောင်းဆိုပြီးတော့ ကျွန်မတို့ဘက်က စာတင်ပေးရမယ်၊ လျှောက်လဲချက်ကြားနာပေးရမယ်။ တစ်ဘက်က ဥပဒေအရာရှိကလည်း သူတို့ဟာ ပုဒ်မတွေနဲ့ ကျုးလွန်ခဲ့တာ မှန်ကန်ကြောင်းကို လျှောက်လဲချက်ပေးရမယ်။ ပြီးတော့ (၅) ရက်နေ့၊ ပြီးတော့မှ နောက်တစ်ပတ်ရုံးချိန်း၊ ပြီးတော့ နောက်တစ်ပတ်ရုံးချိန်မှာ စွဲချက်အမိန့်ပါ “ ဟုပြောသည်။

လက်ရှိအချိန်ထိ အဆိုပါအမှုနှင့်ပတ်သက်ပြီး စွပ်စွဲခံထားရသူ (၄)ဦး၏အမှုအနေအထားအရ သက်သေအထောက်အထားမရှိသေးဟုလည်း သူမက ဆက်ပြောသည်။

ဦးဝေသောင်းတို့အမှုတွင် တရားလိုပြသက်သေ ၁၃ ဦးအထိရှိပြီး နောက်ဆုံးကျန်ရှိသည့် တောင်ကုတ်မြို့နယ် စခန်းမှူး ဒုရဲမှူးလှတင့်ကို ယမန်နေ့က စစ်ဆေးပြီးစီးသွားပြီဟုလည်း အမှုရင်ဆိုင်နေရသူ ဦးဝေသောင်း၏သမီး မနှင်းဝေဝေဖြိုး ကပြောသည်။

“အရင်တုန်းကဆိုရင် တရားလိုပြသက်သေတွေ ရောက်မလာတာတွေ ရှိခဲ့တယ်။ ကိုဗစ်ကြောင့်လည်း ပါတယ်။ ဒီအဆင့်ပြီးသွားရင်တော့ နောက်တစ်ဆင့်ဆိုရင် အပြစ်ရှိရင် ပြစ်ဒဏ်ကျမယ်၊ အပြစ်မရှိရင် ပြစ်ဒဏ်မကျဘူးဆိုတော့ အမှုကမြန်မြန်ပြီးသွားမယ်။ ခုတော့ နောက်ဆုံး တရားလိုပြသက်သေ စစ်ဆေးမှုအဆင့် ပြီးသွားပါပြီ”ဟုပြောသည်။

ပြစ်မှုမထင်ရှားပါက ပြန်လည်လွတ်မြောက်လာမည်ကို မျှော်လင့်နေကြောင်း မနှင်းဝေဝေဖြိုးက ဆက်ပြောသည်။

ဖမ်းဆီးအမှုရင်ဆိုင်နေရသူ (၄)ဦးမှာ တောင်ကုတ်မြို့နယ်မှ ရခိုင်အမျိုးသားပါတီ(ANP)ဒုဥက္ကဋ္ဌ ဦးဝေသောင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌဟောင်း ဦးစန်းငွေနှင့် လူမှုရေးလုပ်ငန်းများလုပ်ဆောင်သူ ဦးစည်သူကျော်ဇံ(ခ) ကိုမိုင်ကယ်တို့ဖြစ်သည်။

၎င်းတို့အား ၂၀၂၀ ပြည့်နှစ် မေလအတွင်း ဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မ ၅၂(က)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။
ဓာတ်ပုံ - တောင်ကုတ်မြို့နယ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့

ဆက်စပ် သတင်းများ