ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

AA ဟုစွပ်စွဲဖမ်းဆီးခံထားရသည့် ပလက်ဝမြို့မှ မောင်စိုးကျော်လင်းတို့ အမြန်လွတ်စေချင်ဟု မိသားစုဝင်များပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 2.7k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇန်နဝါရီ ၂၆/ ၂၀၂၁

ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်စပ်သည့်စွပ်စွဲချက်ဖြင့် ဖမ်းဆီးခြင်းခံထားရသည့် ပလက်ဝမြို့မှ မောင်ကျော်စိုးလင်းတို့အား ယနေ့ ရုံးချိန်းခေါ်ယူထားသော်လည်း စစ်ဆေးခဲ့ခြင်းမရှိကြောင်း မိသားစုဝင်များက ပြောသည်။

ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ မောင်စိုးကျော်လင်း (၁၇ နှစ်)နှင့် သူ၏ ယောက်ဖ ကိုထွန်းလင်းကျော် (၂၉ နှစ်) တို့ကို ယနေ့ ဇန်နဝါရီ ၂၆ ရက်နေ့တွင် ၁၂ ကြိမ်မြောက် ရုံးချိန်း၌ ရုံးထုတ်ခဲ့သော်လည်း စစ်ဆေးခဲ့ခြင်းမရှိကြောင်း မောင်စိုးကျော်လင်း၏ မိခင် ဒေါ်မကျော့နုက ပြောသည်။

ဒေါ်မကျော့နုက “ရုံးချိန်းက မစစ်ခဲ့ဘူး။ တရားသူကြီးအပြောင်းအလဲကြောင့်လို့ ပြောပါတယ်။ စိုးကျော်လင်းမှာ ခြေနှစ်ချောင်းက ထော့နင်း ထော့နင်း သွားတယ်။ ဘာဖြစ်နေမှန်းတော့ မသိဘူး။ အပြင်ဒဏ်ရာတွေတော့ မရှိပါဘူး။ ဆေးခန်းသွားပြဖို့ ပြောပြန်တော့လည်း ရဲက ခွင့်မပြုဘူး။ ရုံးချိန်းတွေပဲ ထပ်ခေါ်နေတယ်။ စစ်တာလည်း မဟုတ်ဘူး။ ကျွန်မသားလေးကို အမြန်ဆုံးပြန်လွတ်ပေးစေချင်နေပါပြီ။” ဟု နိရဥ္စရာသို့ ပြောသည်။

မောင်စိုးကျော်လင်းတို့အား ယခုလ ဇန်နဝါရီ ၁၉ ရက်နေ့က ၁၁ ကြိမ်မြောက်ရုံးချိန်း ခေါ်ယူခဲ့ရာတွင်လည်း တရားသူကြီးအပြောင်းအလဲ ရှိဟုဆိုကာ မစစ်ဆေးခဲ့ရကြောင်း သူ၏ အစ်မ မခင်ခင်သန်းက ပြောသည်။

မခင်ခင်သန်းက “ရုံးချိန်းကို မလိုချင်တော့ဘူး။ တစ်ပတ်လာလည်း ရုံးချိန်း၊ တစ်ပတ်လာလည်း ရုံးချိန်းနဲ့ ဘာမှလည်း ထူးတာမဟုတ်ဘူး။ ဥပမာ အပြစ်ရှိရင် ရှိတယ်ပေါ့၊ ထောင်ကျမယ်ဆိုရင်ကျမယ်ပေါ့။ အခုက အဲဒီလိုမဟုတ်ဘူးလေ။ အမြန်ပဲ လွတ်စေချင်နေပါပြီ။ သူမရှိတော့ စားဝတ်နေရေးလည်း အခက်ခဲတွေ ကြုံရတယ်။ သူတို့ကို ထမင်းသွားပို့ရတာက တစ်မျိုး။ ဘယ်လိုမှ အဆင်မပြေဘူး။” ဟု နိရဥ္စရာသို့ ပြောသည်။

မောင်စိုးကျော်လင်းတို့အား ရုံးချိန်းခေါ်ယူပြီး ရုံးထုတ်ရာတွင် တရားလို သက်သေများ တရားရုံးသို့ မရောက်၍ ၄ ကြိမ်တိုင် စစ်ဆေးခဲ့ခြင်းမရှိကြောင်းလည်း မိသားစုဝင်များ၏ ပြောပြချက်အရ သိရသည်။

၄င်းတို့ နှစ်ဦးအား ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပလက်ဝမြို့အခြေစိုက် (၂၈၉) တပ်ရင်းက အေအေအဖွဲ့ဝင် ဖြစ်သည်ဟု စွပ်စွဲချက်မြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပလက်ဝမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် သူတို့နှစ်ဦးကို ပလက်ဝမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး လာမည့် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ရုံးချိန်းထပ်မံခေါ်ယူထားကြောင်း သိရသည်။

ဆက်စပ် သတင်းများ