ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

နယ်စပ်ခြံစည်းရိုးကို ဖြတ်ကျော်လာသူနှစ်ဦးအား သေနတ်ဖြင့် ခြောက်လှန့် ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးကိုဖမ်းဆီးရမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 7.6k

ဇော်ဝင်းဌေး(ငခူချောင်း)
နိရဥ္စရာ၊ ဇန်နဝါရီ ၂၆ / ၂၀၂၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း နယ်စပ်ခြံစည်းရိုးအား တရားမဝင်ခိုးဝင်လာသူနှစ်ဦးအနက်မှ တစ်ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နယ်စပ်ခြံစည်းရိုးအား တရားမဝင်ခိုးဝင်လာသူနှစ်ဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘာလူခါလီဒုက္ခသည်စခန်းမှ နူလာမိန် ၃၅နှစ် (ဘ)ဟူဆိန်းအာလီနှင့် ဘူဟာရီ ၂၅ နှစ်(ဘ) ဒူဟာလောင်တို့ ဖြစ်ကြပြီး ဇန်နဝါရီ ၂၂ ရက် ည ၉ နာရီခန့် အချိန်၌ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

မောင်တောမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသော လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များသည် နယ်စပ်ခြံစည်းရိုးတစ်လျှောက် လုံခြုံရေးဆောင်ရွက်လျက်ရှိစဉ် ၎င်းတို့သည် နယ်စပ်ခြံစည်းရိုးအား ကျော်တက်၍ တရားမဝင်ခိုးဝင်လာကြသူများ ဖြစ်ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရပ်တန့်ရန်သတိပေးအော်ဟစ်ပြောဆိုသော်လည်း ထွက်ပြေးသောကြောင့် သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ နူလာမိန်ကို ဖမ်းဆီးရမိပြီး ဘူဟာရီမှာ တစ်ဖက်နိုင်ငံဘက်သို့ ပြန်လည်ထွက်ပြေးသွားကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အဆိုပါဖမ်းဆီးရမိသူအား သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ပြီး တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ သတင်းထုတ်ပြန်ထားသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်အား ဆက်သွယ်မေးမြန်းရာ ရဲဌာနများကို မေးမြန်းပါဟု နိရဥ္စရာသို့ ပြောကြားခဲ့သည်။

ရဲဌာနများကိုဆက်သွယ်ခဲ့သော်လည်း မသိရှိဟုသာ ပြန်လည်ဖြေကြားခဲ့သည်။

ဓာတ်ပုံ - မောင်တောနယ်စပ်ခြံစည်းရိုးတစ်နေရာအားတွေ့ရစဉ်။

ဆက်စပ် သတင်းများ