ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

တပ်မတော်က အပစ်ရပ်ကာလထုတ်ပြန်ရာတွင် ရခိုင်ဒေသလည်း ပါဝင်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 7.7k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဇန်နဝါရီ ၂၈ / ၂ဝ၂၁

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ထုတ်ပြန်လိုက်သည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်တွင် ရခိုင်ဒေသလည်း ပါဝင်လာသည်ဟု သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ ည ၇ နာရီခန့်က ထုတ်ပြန်လိုက်သည့် အဆိုပါထုတ်ပြန်ချက်တွင် “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ထာဝရငြိမ်းချမ်းရေး ဆောင်မြင်ပြီးဆုံးသည်အထိ ဆက်လက်ဆွေးနွေးနိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ချောမွေ့အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် ကမ႓ာတစ်ဝှမ်း ရင်ဆိုင်ရလျက်ရှိသည့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို လွယ်ကူစွာဆောင်ရွက်နိုင်ရေးတို့အတွက် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များမှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၈ ရက်အထိ ရပ်ဆိုင်းပေးသွားမည်ဖြစ်သည်။’’ဟု ဖော်ပြပါရှိသည်။

တပ်မတော်အနေဖြင့် အပစ်ရပ်ကာလများကို ယခင်က အကြိမ်ကြိမ်ထုတ်ပြန်ခဲ့ဖူးသော်လည်း ယင်းထုတ်ပြန်ချက်များတွင် ရက္ခိုင့်တပ်တော်(AA)ရှိနေသည့် ရခိုင်ပြည်နယ်ကို ထည့်သွင်းစဉ်းစားခဲ့ခြင်း တစ်ကြိမ်မျှ မရှိခဲ့ပေ။

ယခုအကြိမ်မှစတင်ကာ ရခိုင်ပြည်နယ်ကို အပစ်ရပ်ကာလထဲတွင် ထည့်သွင်းလိုက်ခြင်းဖြစ်ပြီး ယခုကဲ့သို့ထည့်သွင်းလိုက်ခြင်းမှာ ငြိမ်းချမ်းရေးအတွက် နောက်ထပ် တစ်ဆင့်တိုးတက်လာခြင်းဖြစ်သည်ဟု မြေပုံမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက နိရဥ္စရာကိုပြောသည်။

“အဲလို အရင်က ကြေညာချက်နဲ့ ကွဲလွဲပြီးတော့ ရခိုင်ပြည်နယ်ကို၊ အကြမ်းဖက်လို့ သတ်မှတ်ထားတဲ့နယ်မြေကို အရင်တုန်းက ဖယ်ထုတ်ထားခဲ့သလို မဖယ်ထုတ်ဘဲ စစ်ရေးတွေကို ရပ်စဲထားတာဟာ ကျနော်တို့အတွက် ငြိမ်းချမ်းရေးအတွက် ပိုပြီးတော့ မျှော်လင့်ချက်တွေဖြစ်ပေါ်လာနိုင်တယ်လို့ မြင်တယ်ပေါ့လေ။ ဘာပဲပြောပြော နားလည်မှုနဲ့လုပ်ထားတယ်ဆိုတဲ့သဘောမျိုး ရခိုင်စစ်မြေပြင်မှာ ရပ်တန့်ထားတာကတော့ နှစ်လကျော်ရှိပြီ။ အခုလိုမျိုး တရားဝင်ထုတ်ပြန်ပြီးတော့ လုပ်ခြင်းအားဖြင့် တစ်ဆင့်တိုးတက်တဲ့ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ရောင်ခြည်တွေဖြစ်လာတယ်လို့ပဲမြင်တယ်။”ဟု ဦးဖေသန်းက ဆိုသည်။

သို့သော် ရခိုင်ဒေသတွင် လက်တွေ့ကျသည့် ငြိမ်းချမ်းရေးမျိုးဖြစ်လာရန်အတွက် AA ကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားခြင်းအပေါ် အစိုးရက ရုပ်သိမ်းပေးရန်တာဝန်ရှိသည်ဟုလည်း ဦးဖေသန်းက ဆက်ပြောသည်။

“အဲလိုလုပ်လိုက်ခြင်းအားဖြင့် အကြမ်းဖက်အဖွဲ့အစည်းတွေကို ရုပ်သိမ်းပေးဖို့တာဝန်ကတော့ အစိုးရတာဝန်။ အစိုးရကို တပ်မတော်က အကြောင်းကြားလာခြင်းမရှိသေးဘူးလို့လည်း ဦးဇော်ဌေးက ပြောထားတယ်။ အဲဒါတစ်ခုကိုတော့ တပ်မတော်ဘက်က ဆွေးနွေးဖို့ အောင်မြင်ဖို့ဆိုရင် အစိုးရရဲ့ပြောဆိုချက်အပေါ်မှာ အစိုးရနဲ့ညှိနှိုင်းပြီးတော့ လိုအပ်ရင် ဒီအကြမ်းဖက်အဖွဲ့အစည်းက ရုပ်သိမ်းပေးဖို့ကို တပ်မတော်က အစိုးရကို ရုပ်သိမ်းလို့ရပြီးဆိုတဲ့အကြောင်းကိုတော့ ပေးဖို့လိုတယ်လို့မြင်တယ်။ ဒါမှ လက်တွေ့ကျတဲ့ အပစ်အခတ်ရပ်စဲရေးတွေဖြစ်လာမယ်။”ဟု ဦးဖေသန်းက ဆိုသည်။

၂ဝ၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည့် ရခိုင်ဒေသသည် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလအစောပိုင်းမှစတင်ကာ ယနေ့အချိန်ထိ တိုက်ပွဲများရပ်တန့်လျက်ရှိနေသည်။

တိုက်ပွဲများရပ်တန့်နေချိန်များတွင် တပ်မတော်နှင့် AA တို့ဘက်မှ ခေါင်းဆောင်များသည် ငြိမ်းချမ်းရေးအတွက် အွန်လိုင်းမှဆွေးနွေးမှုများရှိခဲ့သလို လူချင်းတွေ့ဆုံဆွေးနွေးမှုများလည်းရှိခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ