ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ကျပ်သိန်း ၆၀၀ ခန့် အကုန်ကျခံထားသော ကလေးကစားကွင်း တောင်ကုတ်တွင် ဖွင့်လှစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 9.7k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇန်နဝါရီ ၃၀/ ၂၀၂၁

အဲယားကွန်းပါပြီး ကျပ်သိန်း ၆၀၀ ခန့် အကုန်ကျခံ ပြုလုပ်ထားသည့် ကလေးကစားကွင်းတစ်ခုကို ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် ယနေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါကစားကွင်းကို တောင်ကုတ်မြို့ထွက်ဝ ကံပိုင်ရပ်ကွက်ရှိ ဆရာတော် ဦးဥတ္တမရုပ်တုနေရာအနီးတွင် “ဦးဥတ္တမ ကလေးကစားကွင်း” အမည်ဖြင့် ယနေ့ နံနက် ၈ နာရီခွဲခန့်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းကစားကွင်းတာဝန်ခံ ဦးစိုးသီဟက ပြောသည်။

ဦးစိုးသီဟက “တောင်ကုတ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်က စပြီး ဒါတစ်ခုလုပ်မယ်ဆိုပြီး ပြောတယ်ပေါ့။ အဲဒီကစားကွင်းလုပ်ဖို့အတွက် အဖွဲ့အစည်းတွေက အလှူခံခဲ့တယ်။ နောက်ပြီး အစိုးရဆီကလည်း တစ်စိတ်တစ်ပိုင်းလောက် ပါဝင်ပါတယ်။ ပြောရမယ်ဆိုရင် ဒါဟာ ကိုယ်ထူကိုယ်ထလုပ်တဲ့ ကစားကွင်းပါ။” ဟု နိဥ္စရာသို့ ပြောသည်။

ကစားကွင်းတွင် Indoor နှင့် Outdoor ဟူ၍ နှစ်ပိုင်းခွဲထားပြီး Indoor ပိုင်းကို စနေနှင့် တနင်္ဂနွေနေ့တို့တွင်သာ ဖွင့်လှစ်မည်ဖြစ်ကာ Outdoor ပိုင်းကို နေ့စဉ်ဖွင့်လှစ်ထားမည်ဟု ဦးစိုးသီဟက ဆက်ပြောသည်။

“ကစားကွင်းမှာ Indoor နဲ့ Outdoor ဆိုပြီး ရှိတယ်။ Indoor ထဲကို ဝင်မယ်ဆိုရင် ကလေးတစ်ယောက် ၅၀၀ လောက်နဲ့ ဝင်ခွင့်ရှိမယ်။ အိမ်သာဝင်ရင်လည်း ငွေ ၂၀၀ ကျပ် ကောက်မယ်ပေါ့။ Outdoor မှာ လျှောစီးတာလေးတွေပါတယ်။ မြင်းရုပ်ကလေးတွေပါတယ်။ ဟိုဘက်ဒီဘက် နှစ်ယောက်စီးတာတွေပါတယ်။ နောက် ဒန်းတွေပေါ့နော်။ စုစုပေါင်းက ၆ မျိုး၊ ၇ မျိုးလောက်ရှိတယ်ပေါ့။ Indoor မှာကျတော့ လျှောစီးတာတွေက နှစ်ခုလောက်ရှိတယ်။ ကလေးတွေ တွယ်တက်တဲ့ဟာမျိုးတွေ၊ ဘောလုံးကန်တဲ့ပုံစံမျိုးတွေရှိတယ်။ အဲဒီအထဲမှာတော့ ကလေးတွေအတွက် အဲယားကွန်းတွေ တပ်ပေးထားပါတယ်။ ဒါပေမယ့် Outdoor ထဲကိုဝင်ရင် ငွေပေးစရာမလိုပါဘူး။” ဟု ပြောသည်။

တောင်ကုတ်မြို့တွင် ထိုကဲ့သို့ ကလေးကစားကွင်းဖြစ်ပေါ်လာသည့်အတွက် ဝမ်းသာမိကြောင်း ကလေးမိခင်တစ်ဦးဖြစ်သည့် မခင်မာချိုက ပြောသည်။

မခင်မာချိုက “ကျွန်မမှာ ၃ နှစ်အရွယ် သမီးလေးတစ်ယောက်ရှိပါတယ်။ မိခင်တစ်ယောက်အနေနဲ့ အခုလို ကစားကွင်းရှိလာတော့ ပျော်ပါတယ်။ ဒီမှာက ကစားကွင်းမရှိဘူးလေ။ ကလေးတစ်ယောက်အတွက် ကစားကွင်းဆိုတာက အရေးပါပါတယ်။”ဟု ပြောသည်။

အဆိုပါ ကစားကွင်း၏ ဧရိယာမှာ ၂ ဧကခန့်ကျယ်ပြီး ယင်းကစားကွင်းဖြစ်မြောက်ရေးအတွက် တောင်ကုတ်မြို့မှ ဒေသခံများအနေဖြင့် ၂၀၁၈ ခုနှစ်မှစ၍ အကောင်ထည်ဖော်ရန် ကြိုးစားခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။

ယင်းကစားကွင်းဖွင့်လှစ်ပွဲသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဦးညီပုအပါအဝင် ဝန်ကြီးအချို့တို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့က ကစားကွင်းအတွင်း နှစ်ခန်းတွဲပါသည့် အိမ်သာတစ်လုံးအား ငွေကျပ် သိန်း ၁၅၀ ခန့်အကုန်ကျခံကာ လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။

ဆက်စပ် သတင်းများ