ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ပြည်တွင်း/ပြည်ပ လေကြောင်းလိုင်းများ ဖေဖော်ဝါရီ(၄)ရက်မှစတင်၍ ပြန်လည်ပြေးဆွဲမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 9k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဖေဖော်ဝါရီ ၃ / ၂ဝ၂၁

ပြည်တွင်း/ပြည်ပ လေကြောင်းလိုင်းများကို ဖေဖော်ဝါရီလ (၄)ရက်နေ့မှစတင်၍ ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း လေကြောင်းလိုင်းများက ယမန်နေ့တွင် ကြေညာထားသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ကြေညာထားချက်တွင် “Covid-19 ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ခရီးသွားပြည်သူများ လေကြောင်းခရီးသွားလာရေးတွင် အဆင်ပြေချောမွေ့စွာသွားရောက်နိုင်စေရန်အတွက် မြန်မာအမျိုးသားလေကြောင်း၏ ပြည်တွင်း နှင့် ပြည်ပ (Relief Flight) ခရီးစဉ်များအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့မှစတင်၍ ယခင်စီစဉ်ထားရှိ သော ခရီးစဉ်များအတိုင်း ပြန်လည် ပျံသန်းပြေးဆွဲ သွားမည်”ဟု ဆိုထားသည်။

Air KBZ လေကြောင်းလိုင်းအနေဖြင့်လည်း ပြည်တွင်းခရီးစဉ်များကို ဖေဖော်ဝါရီလ ၄ ရက်နေ့မှစ၍ ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ပြီး MAI နှင့်အကျိုးတူပူးပေါင်း၍ Embraer E190 လေယာဉ်ဖြင့် ပြေးဆွဲသည့် ခရီးစဉ်များကိုလည်း တစ်ပြိုင်တည်း ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Golden Myanmar airlines ကလည်း ၎င်းတို့၏ ပုံမှန်ပျံသန်း ပြေးဆွဲနေသော ခရီးစဉ်များကို ဖေဖော်ဝါရီလ (၄)ရက်မှ စတင်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသော စည်းကမ်းချက်များ၊ သတ်မှတ်ချက်များနှင့်အညီ ပြန်လည်၍ ပျံသန်း ဝန်ဆောင်မှု ပေးသွားမည်ဟု ထုတ်ပြန်ထားသည်။

လေကြောင်းလိုင်းများအား လာမည့်မေလအထိ ပိတ်သိမ်းထားမည်ဟု တပ်မတော်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်သတင်းများထွက်ပေါ်ခဲ့သော်လည်း လေကြောင်းခရီးသည်များအနေဖြင့် ယခုအခါ ပုံမှန်အတိုင်း သွားလာနိုင်ကြတော့မည်ဖြစ်သည်။

ဓာတ်ပုံ - ကျောက်ဖြူလေဆိပ်အတွင်းတွေ့ရသည့် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းအားတွေ့ရစဉ်။

ဆက်စပ် သတင်းများ