ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်တချို့ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်လည်း အဆင်အသင့် ပြင်ဆင်ထားဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 9k

အိမ်စိုးဖြူ
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၈/ ၂ဝ၂၁

တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်တချို့ ဖမ်းဆီးခံရပြီးနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုလည်း ဖမ်းဆီးထိန်းသိမ်းခံရနိုင်ဖွယ်ရှိသဖြင့် ဖမ်းဆီးခံရန် အဆင်အသင့်ပြင်ဆင်ထားသည်ဟု ဝန်ကြီးချုပ်၏ ရွေးကောက်ပွဲကိုယ်စားလှယ် ဦးစိုးမင်းအောင်က ပြောသည်။

“မနက်က ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တို့အပါအဝင် အားလုံး ဖမ်းဆီး ခံနေရတယ်လို့ သတင်းကြားပြီးတည်းက သူ့အနေနဲ့အထုပ်အပိုးတွေတောင် ပြင်ဆင်ထားပါပြီ။ သူ့အနေနဲ့ ဒီဟာနဲ့ပတ်သက်လို့ စိုးရိမ်စိတ်မရှိပါဘူး ” ဟု ၎င်းက ပြောသည်။

ယနေ့ ညနေ ၃ နာရီကျော်ထိ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုမှာ ဂွမြို့နယ် ရဟိုင်းကူးတို့ကျေးရွာရှိ နေအိမ်တွင် ရှိနေကြောင်း သိရှိရသည်။

ဝန်ကြီးချုပ်ဦးညီပုအား နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်ရာ ဝန်ကြီးချုပ်၏ သမီးဖြစ်သူနှင့် အဆက်အသွယ် ရရှိပြီး ဦးညီပုနှင့် ဆက်သွယ်ရရှိခဲ့ခြင်း မရှိပါ။

“ ဖေဖေ တစ်ခြားလူတွေနဲ့ စကားပြောနေတဲ့အတွက် မအားသေးပါ။ နောက်မှဆက်သွယ်ပါ” ဟုဆိုကာ သူမက ဖုန်းချသွားခဲ့သည်။
ယနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဖြိုးမင်းသိန်း၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်တို့ကို နေအိမ်များမှ ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

ဝန်ကြီးချုပ် ဦးညီပုကို တပ်မတော်မှ အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၅ နာရီကျော်က ဂွမြို့အခြေစိုက်အမှတ် (၅၆၂)တပ်ရင်းမှ ခေါ်ယူထိမ်းသိန်းခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်နေ့က ပြန်လည် လွှတ်ပေးခဲ့သည်။

အဆိုပါ ဖမ်းဆီးခံရသည့်နေ့က ဝန်ကြီးချုပ် ဦးညီပုအပါအဝင် ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစံကျော်လှ ၊ လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာ၊ လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံ၊ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ခင်စောဝေ၊ ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌဒေါ်တင်လှိုင်နှင့်အတွင်းရေးမှူး ဦးသူရိန်ထွဋ္ဋ်တို့လည်း ထိန်းသိမ်းခံခဲ့ရသည်။

ယင်းနောက် ဒေါ်ခင်စောဝေ၊ဒေါ်တင်လှိုင်နှင့် သူရိန်ထွဋ္ဋ်တို့ကို ယင်းနေ့ ညနေပိုင်းတွင် ပြန်လွှတ် ပေးခဲ့ပြီး ဦးညီပုနှင့် ဒေါက်တာချမ်းသာ၊ ဦးအောင်ကျော်ဇံတို့ကို ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။

ဦးစံကျော်လှကိုမူ စစ်တွေမြို့ အမှတ်(၂ဝ) တပ်ရင်း ဗန္ဓုလရိပ်သာတွင် ဖမ်းဆီးထားရာမှ ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက် ၁ဝ နာရီခန့်တွင်ပြန်လွှတ်ပေးခဲ့သည်။

ဆက်စပ် သတင်းများ