ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ရခိုင်ကတိုက်ပွဲများဖြစ်ပွားခဲ့သည့်မြို့နယ်များမှ အပကျန်မြို့နယ်အားလုံးတွင် ညမထွက်ရ အမိန့်ရုပ်သိမ်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 713

ချစ်အိလှိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၉/ ၂ဝ၂၁

ရခိုင်ပြည်နယ်မှ တိုက်ပွဲများဖြစ်ပွားခဲ့သည့် မြို့နယ်များမှအပ စစ်တွေအပါအဝင် ကျန်မြို့နယ်များ အားလုံးတွင် ယမန်နေ့က စတင်ပြီး ညမထွက်ရအမိန့်(၁၄၄)ကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက “ လုံခြုံရေးအရ ညမထွက်ရ အမိန့်ထုတ်ထားတဲ့ မြို့နယ်တွေကအပ ကျန်တဲ့ မြို့နယ်တွေကို အကုန်ဖြုတ်လိုက်တာပေါ့။ လုံခြုံရေး အရ ညမထွက်ရအမိန့်ထုတ်ထားတာလေ။ အဲဒီဟာပဲကျန်တာ” ဟုပြောသည်။

တိုက်ပွဲများဖြစ်ပွားခဲ့သည့် မြို့နယ်များဖြစ်ကြသည့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ မြေပုံနှင့် အမ်းမြို့နယ်တို့တွင် ညမထွက်ရ အမိန့် တည်ရှိနေသေးသည်ဟု ဆက်လက်ပြောဆိုသည်။

ညမထွက်ရ အမိန့် ရုပ်သိမ်းခဲ့သည့် မြို့နယ်များမှာ ကိုဗစ်-၁၉ ဒုတိယလိုင်းစတင်ပြီး ၂ဝ၂ဝ ပြည့်နှစ် သြဂုတ်လနောက်ပိုင်းမှ စပြီး ညမထွက်ရ အမိန့်ထုတ်ထားခဲ့သည့် ပေါက်တော၊ ကျောက်ဖြူ၊ သံတွဲ၊ မာန်အောင်၊ ဂွ၊ တောင်ကုတ်၊ ရမ်းဗြဲ မြို့နယ်တို့ ဖြစ်ကြသည်။

ယမန်နေ့က စစ်တွေမြို့နယ်အပါအဝင် မြို့နယ်အချို့တွင် ညမထွက်ရအမိန့်ရုပ်သိမ်းကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးများက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။

စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးက ဖေဖော်ဝါရီ ၆ ရက် နေ့စွဲဖြင့် လက်မှတ်ထိုးထုတ်ပြန်ရာတွင် ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့်အချိန်မီထိန်းသိမ်းနိုင်ရေးတို့အတွက် (၁၇-၁၂-၂၀၂၀) ရက်နေ့မှ (၁၆-၂-၂၀၂၁) ရက်နေ့ထိ နေ့စဉ် ည(၁၂) နာရီမှ နောက်တစ်နေ့နံနက် (၄) နာရီထိ ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါညမထွက်ရအမိန့်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့မှ စ၍ ရုပ်သိမ်းကြောင်း ကြေညာသည်ဟု ဖော်ပြပါရှိသည်။

ဆက်စပ် သတင်းများ