ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

တပ်မတော်အာဏာသိမ်းမှုအား တောင်ကုတ်မြိုတွင် ကန့်ကွက်ဆန္ဒပြပြီးနောက် ဦးမင်းအောင်နှင့် နောက်တစ်ဦးအား ရဲက ခေါ်ဆောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 7.3k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၉/ ၂၀၂၁

တပ်မတော်၏အာဏာသိမ်းမှုအား ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် ယနေ့နံနက်က ကန့်ကွက်ဆန္ဒပြပြီးနောက် ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်နှင့် နောက်တစ်ဦးကို ရဲက ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ဦးမင်းအောင်နှင့် NLD ပါတီဝန်းရံသူတစ်ဦးဖြစ်သည့် ကိုသန့်ဇင်ဖြိုးတို့အား ယနေ့ နံနက် ၁၁ နာရီခွဲခန့်က ရဲဝန်ထမ်းအချို့က NLD ရုံးမှ လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း NLD ပါတီမှ ဒေါ်ချစ်ချစ်ချောက ပြောသည်။

“ဘာတွေကို မေးမြန်းမယ်ဆိုတာကိုလည်း မပြောသွားဘူး။ NLD ရုံးကလာခေါ်သွားတာပဲ။ အခြေနေက အခု လောလောဆယ် ရဲစခန်းက ခေါ်ထားတုန်းပဲ။ သူတို့ ရဲစခန်းထဲမှာပဲ ရှိနေတယ်။ ပြန်မလွှတ်သေးဘူး။” ဟု ယနေ့ မွန်းလွဲ ၁၂ နာရီခန့်က ပြောသည်။

၎င်းတို့နှစ်ဦးအား တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူးအပါအဝင် ရဲဝန်ထမ်း ၅ ဦးခန့်တို့က တောင်ကုတ်မြို့မရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟုလည်း သူမက ဆက်ပြောသည်။

တပ်မတော်၏အာဏာသိမ်းမှုအား ယနေ့နံနက် တောင်ကုတ်မြို့တွင်ဆန္ဒထုတ်ဖော်ရာ၌ လူပေါင်း ၃ ထောင်ကျော် ပါဝင်ခဲ့သည်ဟုလည်း သိရသည်။

ဓာတ်ပုံ - ခေါ်ဆောင်ခံရသူနှစ်ဦးအားတွေ့ရစဉ်။

ဆက်စပ် သတင်းများ