ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းတာဝန်ရှိသူများကို စစ်တွေအမှတ်(၁)ရဲစခန်းကခေါ်ယူမေးမြန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 7.8k

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၉/၂၀၂၁

စစ်တွေ အခြေစိုက်ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဦးထွန်းမြင့်သိန်းနှင့် ကိုခိုင်ကောင်းစံတို့ကို ယနေ့ စစ်တွေအမှတ် (၁) ရဲစခန်းသို့ ခေါ်ယူမေးမြန်းခဲ့သည်ဟု သတင်းရရှိသည်။

ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းဒါရိုက်တာ ကိုခိုင်ကောင်းစံက “ ဟုတ်ပါတယ်။ ဒီနေ့မနက်က အမှတ် ၁ ရဲစခန်းကို ခေါ်ယူမေးမြန်းခဲ့တာပါ။ ဒီနေ့ နေ့လယ် ၂ နာရီမှာ ဘုရားကြီးမှာ ဝံလက်ဖောင်ဒေးရှင်းက ဦးဆောင် ဆန္ဒပြမယ်လို့ သတင်းရထားတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ခေါ်ယူမေးမြန်းတာပါ” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။

ခေါ်ယူမေးမြန်းရာတွင် စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူးနှင့် လက်ရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများပါဝင်ကြောင်း၊ ရခိုင်ပြည်နယ်မှာ လက်ရှိတည်ငြိမ်အေးချမ်းနေသဖြင့် တစ်စုံတစ်ရာ ပြဿနာမဖြစ်စေလိုကြောင်း ၎င်းတို့က ပြောကြားခဲ့သည်ဟု ဆိုသည်။

“ ကျွန်တော်တို့က ဝံလက်ဖောင်ဒေးရှင်းအနေနဲ့ ခုလို ဆန္ဒပြမယ့်အစီအစဉ်မရှိဘူး။ လူမှုရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်ဆိုတဲ့ အကြောင်းကို ပြောပြလိုက်တယ်။ သူတို့က ဆန္ဒပြမယ်ဆိုရင်လည်း အသိပေးတင်ပြပေါ့။ ဘာကြောင့် ဆန္ဒပြမလဲ။ အကြောင်းအရင်းကို ပြောပေါ့။ ကျွန်တော်တို့က ပြဖို့ အစီအစဉ်မရှိဆိုပြီးတော့ ပြောပြလိုက်ပါတယ်။ အခြေအနေက အေးအေးဆေးဆေးပါ။ ဘာမှ ပြဿနာထွေထူးမရှိပါဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ယနေ့ နေ့လယ် ၂ နာရီတွင် ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဦးဆောင်ပြီး စစ်တွေတွင် ဆန္ဒပြမည်ဟု စာရွက်များဖြန့်ဝေမှုများရှိနေသည်ဟု ရဲက သတင်းရရှိပြီး ယခုလို ခေါ်ယူမေးမြန်းခြင်း ဖြစ်ကြောင်း သိရသည်။

သို့သော် ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းတာဝန်ရှိသူများမှ သူတို့အဖွဲ့အစည်းအနေဖြင့် တစ်စုံတစ်ရာ စာရွက်များ ဖြန့်ဝေ၍ မရှိကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - K Kaung San

ဆက်စပ် သတင်းများ