ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ဦးမင်းအောင်တို့ (၂)ဦး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 5.9k

ကိုကိုတိုး
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၉/ ၂၀၂၁

တပ်မတော်က အာဏာသိမ်းမှုကို တောင်ကုတ်မြို့တွင် ယနေ့ ဆန့်ကျင်ဆန္ဒထုတ်ဖော်ရာ၌ပါဝင်ခဲ့သည့် ဦးမင်းအောင်နှင့် နောက်ထပ် လူငယ်(၁)ဦးတို့ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်လိုက်ကြောင်း သတင်းရရှိသည်။

အမှုဖွင့်ခံလိုက်ရသူနှစ်ဦးမှာ တောင်ကုတ် NLD ပါတီမှ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်နှင့် NLD ဝန်းရံသည့် ကိုသန့်ဇင်ဖြိုးတိုးဖြစ်သည်။

ယနေ့နံနက်က တောင်ကုတ်တွင်ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်ပွဲကိုဦးဆောင်သည်ဟုစွပ်စွဲချက်ဖြင့် ၎င်းတို့နှစ်ဦးအား ယနေ့ ညနေ ၄ နာရီခွဲခန့်က အမှုဖွင့်လိုက်ခြင်းဖြစ်သည်ဟု တောင်ကုတ်မြို့ NLD ပါတီဝင် မချစ်ချစ်ချောက ပြောကြားသည်။

"ဦးမင်းအောင်နဲ့ ကိုသန့်ဇင်ဖြိုးတို့ကို လူအများနားလည်အောင်ပြောရရင် ကိုဗစ်ဥပဒေနဲ့ တရားစွဲထားတာပေါ့နော်။ အာမခံလည်းမရပါဘူး။ ပြီးတော့ ကျွန်မမေးခွန်းထုတ်ချင်တာက သူတို့ပြောနေကြတဲ့ဥပဒေဆိုတာကိုပါ။ ဟိုရက်ကပဲ ဆန္ဒထုတ်ဖော်ပွဲတစ်ခုလုပ်သွားတယ်။ အဲဒီအပေါ်မှာတော့ ဘာအရေးယူမှုတစ်စုံတရာမရှိဘဲ ကျွန်မတို့အဖွဲ့က လုပ်တဲ့အခါမှပဲ ခုလိုပုဒ်မတွေတပ်ပြီး ဖမ််််းဆီးခံရတာဟာ ပြည်သူတစ်ယောက်အနေနဲ့ ဘယ်လိုပြောရမလဲဆိုတော့ ဥပဒေဟာသရေကွင်းလိုဖြစ်နေပါပြီ။ သူတို့ကို မလွတ်မချင်း ဒီရဲစခန်းရှေ့က ကျွန်မတို့အဖွဲ့မပြန်ပါဘူး။ ကျွန်မတို့ ခုအချိန်ထိ ရဲစခန်းရှေ့မှာပါပဲ။ အခုဖမ်းထားတဲ့သူတွေကို မလွတ်မချင်းတိုက်ပွဲဝင်သွားမှာပါ။" ဟု နိရဥ္စရာသို့ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အတည်ပြုနိုင်ရန် သက်ဆိုင်ရာ တောင်ကုတ်ရဲစခန်းသို့ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။

ဦးမင်းအောင်တို့ကို အမြန်ဆုံးပြတ်လွှတ်ပေးရေးကိုလည်း တောင်ကုတ်ဒေသခံ ၃ဝဝ ခန့်က ယနေ့ နေ့လယ်ပိုင်းက တောင်ကုတ်မြို့မရဲစခန်းရှေ့တွင် စုဝေးတောင်းဆိုခဲ့ကြပြီး ယနေ့ညနေ ၇ နာရီခန့်အထိ လူ ၅ဝ ခန့် ဆက်လက်တောင်းဆိုနေကြဆဲဖြစ်သည်ဟု သိရသည်။

တပ်မတော်ကအာဏာသိမ်းမှုကို တောင်ကုတ်မြို့တွင် ယနေ့ နံနက်ပိုင်းက လူ ၃ ထောင်ကျော်ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။ ယင်းနောက် ဦးမင်းအောင်တို့နှစ်ဦးအား တောင်ကုတ် NLD ပါတီရုံးထဲမှနေ၍ ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဆက်စပ် သတင်းများ