ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

အမ်းမြို့ဆန္ဒပြရာတွင်ပါဝင်သူ ၄ ဦးဖမ်းဆီးထိန်းသိမ်းခံရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 7.4k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၉ / ၂၀၂၁

ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် ယနေ့ ဆန္ဒပြရာတွင် ပါဝင်သူများထဲမှ ၄ ဦးကို အမ်းမြို့မှ ရဲစခန်းမှ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရှိရသည်။
ထိန်းသိမ်းခံထားရသူများမှာ အမ်းမြို့ပေါ်ရပ်ကွက်တစ်ခုမှ မရတနာအောင်၊ မစိုးကလျာထွန်းနှင့် အမ်းမြို့နယ် ပိန်ရေစမ်းကျေးရွာမှ ဒေါ်ပုမနှင့် ဦးအောင်ငြိမ်းတို့ဖြစ်ကြောင်း အမ်းမြို့မှ လူမှုရေးလုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်နေသူ ကိုမျိုးလွင်က ပြောသည်။

၄င်းတို့ထဲမှ ပိန်ရေစမ်းကျေးရွာမှ နှစ်ယောက်ကို ယနေ့ မွန်းလွဲက ပဲပိတုန်စစ်ဆေးရေးဂိတ်မှ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကျန်နှစ်ဦးအား ယနေ့ ညနေပိုင်းတွင် နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်ခံရခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ ဒီနေ့ တစ်နာရီခွဲလောက်မှာ အမ်းမြို့ဟောင်းကနေပြီးတော့ လူ ၃၀၀ လောက်က အမ်းမြို့သစ်ကို ချီတက်ကြတယ်။ အဲဒီနားမှာ အမှတ် ၃၇၁ တပ်ရင်းရှိတယ်။ အဲဒီတပ်ရင်းနားမှာ ရဲနှင့် စစ်သားတွေကနေပြီးတော့ ပိတ်ဆို့ထားတယ်။ သွားခွင့်မပေးဘူး။ သွားခွင့်မပေးတဲ့အတွက် အဲဒီနားမှာ သူတို့တစ်နာရီနီးပါးလောက်ကြာသွားတယ်။ အဲဒီနောက် သူတို့လူစုကွဲသွားတယ်။ လူစုကွဲသွားပြီးနောက် ပိန်ရေစမ်းက နှစ်ယောက်က ရွာကိုပြန်တဲ့အချိန်မှာ ပဲပိတုန်ဂိတ်မှာ အဖမ်းခံရတယ်။ မြို့ပေါ်ရပ်ကွက်က နှစ်ယောက်ကိုတော့ ခုနားကပဲ နေအိမ်က ရဲသားတွေက ရဲစခန်းကို ခေါ်သွားတယ်လို့ပြောတယ်” ဟု ပြောသည်။

လက်ရှိ အချိန်တွင် သူတို့ ၄ ဦးမှာ အမ်းမြို့မှ ရဲစခန်းတွင်ရှိထိန်းသိမ်းခံနေရပြီး သူတို့အား မည်သည့်ပုဒ်မဖြင့် အရေးယူဆောင်ရွက်မည်ကို မသိရှိရသေးကြောင့် ကိုမျိုးလွင်က ဆက်ပြောသည်။

အဆိုပါကိစ္စများနှင့် ပတ်သက်၍ အမ်းမြို့မ ရဲစခန်းမှ မြို့နယ်မှူးအား ဆက်သွယ်ခဲ့ရာ သူအနေဖြင့် မသိရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ရခိုင်ပြည်နယ်တွင် တောင်ကုတ်မြို့မှ ဦးမင်းအောင်၊ ကိုသန့်ဇင်ဖြိုး၊ မာန်အောင်မြို့မှ မခင်ထိပ်ထားနှင့် ဦးဘိုးနွဲ့ တို့လည်း ဖမ်းဆီးထိန်းသိမ်းခံထားရသည်ဟု သတင်းရရှိသည်။

ဆက်စပ် သတင်းများ