ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ်လောင်းဇင်ကျေးရွာမှ လူငယ်နှစ်ဦးပျောက်ဆုံးနေ၍ မိသားစုများစိုးရိမ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 9.5k

ဇွဲဓန (ကိန်းသာမြေ)
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၁ / ၂၀၂၁

ရသေ့တောင်မြို့နယ်၊ ဗုဒ္ဓခြေရာတော်အနီး လောင်းဇင်ကျေးရွာမှ အသက်နှစ်ဆယ် အရွယ် လူငယ် နှစ်ဦး ပျောက်ဆုံးနေသဖြင့် စိုးရိမ်နေကြသည်ဟု မိသားစုများက ပြောဆိုသည်။

ပျောက်ဆုံးနေသူ နှစ်ဦးမှာ ကိုအောင်မိုးနိုင် (၂၅ နှစ်) (ဘ)ဦးအောင်သန်းစိန် နှင့် (မိ)ဒေါ်စံမြအေး နှင့် ကိုမောင်ထွေးသာ (၂၀ နှစ်) (ဘ)ဦးမောင်သာနှင့် (မိ)ဒေါ်ဦးညွန့်သာတို့ဖြစ်ကြသည်။

၄င်းတို့နှစ်ဦးသည် ဖေဖော်ဝါရီလ ၇ ရက်နေ့က ရွာကနေ ပုဏ္ဏားကျွန်းမြို့နယ်၊ ကံပြင်ကျေးရွာ ရှင်ပြု အလှူမင်္ဂလာပွဲတစ်ခုသို့ သွားရောက်ပြီးနောက်ပိုင်း ပျောက်ဆုံးနေခြင်း ဖြစ်ကြောင်း ပျောက်ဆုံးနေသူ ကိုအောင်မိုးနိုင်၏ညီဖြစ်သူ ကိုအောင်မိုးလှိုင်က ပြောသည်။

“ သူတို့က ကျနော်အစ်ကိုနဲ့ ကျနော်သူငယ်ချင်းပါ ။သူတို့က ရှင်ပြုအလှူပွဲ သွားစားတာပါ။ အဲဒီပွဲကို နှစ်ယောက်အတူတူ သွားတာပါ။ ပွဲကိုစသွားတဲ့နေ့ကတော့ ကျနော်နဲ့ အဆက်သွယ်ရလိုက်သေးတယ်။ မနက်မိုးလင်းတော့ သူတို့ကို ဆက်သွယ်လို့မရတော့ဘူး။ အဲဒီပွဲကို သွားရာကတစ်ဆင့် ဆက်သွယ်လို့မရပဲ ပျောက်နေတာပါ ” ဟုပြောသည်။

၄င်းတို့နှစ်ဦးအား ရောက်ရှိနေသောနေရာမှ မိသားစုဝင်များကို အဆက်အသွယ်လုပ်ပေးရန် ၄င်းက ဆက်ပြောသည်။

“ဘယ်ကိုသွားလို့ ဘယ်ကိုရောက်နေမှန်း ကျနော်လည်း မသိဘူး။ ကျန်တဲ့မိသားစုဝင်လည်း မသိကြဘူး။ ဘယ်ကိုပဲရောက်ရောက်ပေါ့။ မိသားစုဝင်တွေကို ဆက်သွယ်စေချင်တယ်။ မိသားစုဝင်တွေက စိုးရိမ်ပူပင်နေတယ်။ အခုက ဖုန်းလည်း ဆက်လို့ မရဘူးဆိုတော့ တစ်စုံတစ်ခု ဖြစ်မှာကို စိုးရိမ်နေကြရပါတယ်” ဟုပြောသည်။

၄င်းလူငယ်နှစ်ဦးသည် ရှင်ပြုအလှူပွဲသို့ သွားရောက်ပွဲစားရာမှတစ်ဆင့် ပျောက်ဆုံးနေသည်မှာ မှန်ကန်ကြောင်း ရသေ့တောင်မြို့နယ်၊ လောင်းဇင်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးမောင်သိန်းထွန်းက အတည်ပြုပြောဆိုသည်။

ရသေ့တောင်မြို့နယ်၊ လောင်းဇင်ကျေးရွာနှင့် ပုဏ္ဏားကျွန်းမြို့နယ် ကံပြင်ကျေးရွာတို့သည် ခြေရာတော်မြစ်၏ တစ်ဖက်တစ်ကမ်းတွင် တည်ရှိကြောင်းသိရှိရသည်။

ဆက်စပ် သတင်းများ