တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ULA အဖွဲ့ဝင်တစ်ဦးဖမ်းဆီးခံရပြီးနောက် စစ်တပ်အရာရှိတစ်ဦးနှင့်ရဲတပ်သားနှစ်ဦးကို AAက ပြန်ဖမ်းဆီး


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၀၈ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) တပ်ဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် AA က စစ်ကောင်စီတပ် အရာရှိ တစ်ဦးနှင့် ရဲတပ်သားနှစ်ဦးတို့ကို ဖမ်းဆီးလိုက်သည်ဟု သတင်းရရှိသည်။

စက်တင်ဘာ ၆ ရက်နေ့က AA အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုဟန်လင်းကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီးနောက် ညနေပိုင်းတွင် စစ်ကောင်စီအရာရှိတစ်ဦးနှင့် ရဲတပ်သားနှစ်ဦးကို AA က ပြန်လည် ဖမ်းဆီးသွားခြင်း ဖြစ်သည်။ 

ဖမ်းဆီးခံရသည့် ULA အဖွဲ့ဝင်ကိုဟန်လင်းမှာ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ လိပ်ခမော်အုပ်စု၊ ဂေါ်တူရွာမှ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သိရသည်။ 

သူသည် စက်တင်ဘာ ၆ ရက် နံနက်ပိုင်းက ကျောက်ဖြူ မြို့ကို ဖုန်းပြင်သွားပြီး ပြန်လာစဥ် ကျောက်တလုံး စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ယင်းသို့ဖမ်းဆီးခံခဲ့ရသည့်အတွက် ညနေ ၆ နာရီခွဲတွင် စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးတို့ကို ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းရွာမှ AA က ဖမ်းဆီးသွားကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။ 

"ဇင်ချောင်းမှာကတော့ AA ဘက်က စစ်တပ်အရာရှိတစ်ယောက်နဲ့ ရဲနှစ်ယောက်ကို  ၆ ရက် နေ့ညနေ ၆ နာရီခွဲလောက်မှာ ဖမ်းသွားတယ်။ ဒါကြောင့် အဲ့ဒီနေ့ညက အင်အား ၃၀ လောက်နဲ့ စစ်တပ်ကရွာထဲမှာ လိုက်ပြီး စစ်ဆေးတယ်။ မွှေတယ်။ ULA/AA အဖွဲ့ဝင်တွေကို လိုက်ရှာတာပြောပါတယ်။ တစ်ညလုံးပဲ"ဟု ပြောသည်။ 

ဖမ်းဆီးခံရသည့် စစ်ကောင်စီအရာရှိနှင့် ရဲတပ်သား နှစ်ဦးတို့၏ အမည်နှင့် ရာထူးကိုမူ နိရဥ္စရာက အတည်မပြုနိုင်သေးပေ။ 

ယင်းသို့ အပြန်အလှန်ဖမ်းဆီးမှုများရှိခဲ့ပြီးနောက် စစ်ကောင်စီက အင်အား (၃၀) ခန့်ဖြင့် ဇင်ချောင်းကျေးရွာအတွင်း လာရောက်ရှာဖွေစစ်ဆေးမှုများကြောင့် ဒေသခံတချို့ ထွက်ပြေး တိမ်းရှောင်နေကြသည်ဟုလည်း နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။

"စစ်ဆေးမှုတွေများနေလို့ AA နဲ့ ဆိုင်တဲ့သူတွေတောင်မက ဘာမှမဆိုင်တဲ့ရွာသားတွေကိုပါ ဖမ်းမှာစိုးလို့ ကျေးရွာသားတချို့ ရှောင်နေကြပါတယ်"ဟု ပြောသည်။ 

ရခိုင်တွင်၂၀၂၂ ခုနှစ် တကျော့ပြန်တိုက်ပွဲသည်လည်း အပြန်အလှန်ဖမ်းဆီးမှုများနှင့် စတင်ခဲ့သည့် အတွက် တိုက်ပွဲတဖန်ဖြစ်ပွားလာမည်ကို စိုးရိမ်နေမိသည်ဟု ဒေသခံများက ပြောသည်။ 

ယခုကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခနှင့် ရခိုင်ပြည်နယ် စစ်ကောင်စီ၏ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။

 

Photo - AA

ဆက်စပ် သတင်းများ