သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

UECနှင့်နိုင်ငံရေးပါတီများ ဒုတိယအကြိမ် ညှိနှိုင်းအစည်းဝေး AFPပါတီ တက်မည်၊ ANP နှင့် ALD မဆုံးဖြတ်ရသေးဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 6.7k

ထက်အောင်

နိရဉ္စရာ၊ မေ- ၁၃/ ၂၀၂၁

 

အသစ်ဖွဲ့စည်းထားသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)နှင့် နိုင်ရေးပါတီများကြား ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ရခိုင့်ဦးဆောင်ပါတီ (AFP)က တက်ရောက်မည်ဖြစ်သော်လည်း ရခိုင်အမျိုးသားပါတီ (ANP) အနေဖြင့် မဆုံးဖြတ်ရသေးသလို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) သို့ ဖိတ်စာ ရောက်/မရောက်ကို မသိရသေးဟု ပါတီ တာဝန်ရှိသူများက နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။

 

ပါတီ၏ တာဝန်ပေးချက်အရ ရခိုင့်ဦးဆောင်ပါတီ (AFP) တက်ရောက်မည်ဖြစ်ကြောင်း ပါတီခေါင်းဆောင် ဒေါက်တာအေးမောင်က အတည်ပြုပြောသည်။

 

တက်ပါမယ်။ ပါတီက ကျနော့်ကို တာဝန်ပေးတဲ့အတွက် ကျနော်တက်မှာပါ။ ပါတီက တာဝန် ပေးထားပြီ၊ အစည်းအဝေးတက်ဖို့ဆိုပြီး စာရင်းပေးထားတယ်။ ပါတီက ရန်ကုန်ကို လာမယ့်လူ အခက်ခဲရှိလို့လေ၊ ကျနော်က ရန်ကုန်မှာ ရောက်နေတော့ ကျနော်ကပဲ ပါတီကိုယ်စားတက်ပေးပါဆိုပြီး ဦးကျော်ဇောဦးကလည်း ပြောလို့၊ စာရင်းလည်းပေးလိုက်ပါပြီ ဟု ဒေါက်တာအေးမောင်က ပြောသည်။

 

ထိုအစည်းအဝေးကို နေပြည်တော်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေး ခန်းမအတွင်း လာမည့် မေလ ၂၁ ရက်နေ့ နံနက် ၉ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

 

ရခိုင်ပြည်နယ်က ၂၀၂၀ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် အများဆုံး အနိုင်ရထားသည့် ရခိုင်အမျိုးသား ပါတီ(ANP) အနေဖြင့် UEC ထံမှ ဖိတ်စာရောက်ရှိသည်ကို အတည်ပြုသော်လည်း တက်ရောက်မည်/မတက်ရောက်မည်ကို ပြောနိုင်သေးကြောင်း ပါတီ ဥက္ကဌ ဦးသာထွန်းလှက ဆိုသည်။

 

လောလောဆယ် ပါတီရုံးကိုဖိတ်စာရောက်တယ်။ ဒီလောက်ပဲ ပြောလို့ရသေးတယ်။ ကျန်တာ မပြောနိုင်သေးဘူးဟု ANP ပါတီ ဥက္ကဌ ဦးသာထွန်းလှက ပြောသည်။

 

နောက်ထပ် ရခိုင်နိုင်ငံရေးပါတီ တစ်ခုဖြစ်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ကို ထိုအစည်းအဝေးကိစ္စနှင့် ဆက်စပ်ပြီး ဆက်သွယ်ကြည့်ရာ ထိုကိစ္စကို မသိရကြောင်း ပါတီဥက္ကဌ ဦးကျော်မြင့်က ပြောသည်။

 

အဲဒါတွေကိုတော့ မသိသေးဘူး။ ရုံးကို ဖိတ်စာရောက် မရောက်ကိုလည်း မသိသေးဘူး။ဟု ၎င်းက ပြောသည်။

 

လာမည့် မေလ ၂၁ ရက်နေ့တွင် ကျင်းပမည့် UEC အသစ်နှင့် နိုင်ငံရေးပါတီများကြား တွေ့ဆုံညှိနှိုင်း အစည်းအဝေးသည် ဒုတိယအကြိမ်ဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်သစ်ဖွဲ့စည်းပြီးနောက်  ပထမတစ်ကြိမ်ပြုလုပ်ခဲ့သော အစည်းအဝေးကို ANPနှင့် AFP တို့တက်ရောက်ခဲ့သော်လည်း ALD ပါတီက မတက်ရောက်ခဲ့ဟု သိရှိရသည်။

ဆက်စပ် သတင်းများ