စနေ၊ အောက်တိုဘာလ ၂၆ရက်၊ ၂၀၂၄

ရမ်းဗြဲ သင်းပန်းချိန်ရွာတွင် ချောင်းရေတိုက်စား၍ကမ်းပါးပြိုကျနေသဖြင့် နေအိမ် ၁၀ ကျော် ချောင်းထဲကျမည့်အနေအထားနှင့်ရင်ဆိုင်နေရ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၁ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.4k

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်ထဲမှ သင်းပန်းချိန်ကျေးရွာတွင် ချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျနေသည့်အတွက် ရွာတောင်ပိုင်းက နေအိမ် ၁၀ ကျော် ချောင်းရေနှင့်မျောပါ သွားမည့်အနေအထားနှင့် ရင်ဆိုင်ကြုံတွေ့နေကြရကြောင်း နေအိမ်ပိုင်ရှင်များက ပြောသည်။

ကျေးရွာသား တစ်ဦးဖြစ်သူ ကိုမင်းစိုးထွေးက " ဟုန်းချောင်း ချောင်းရေတိုက်စားတဲ့ အတွက် လက်ရှိစိုးရိမ်အနေထားရောက်နေတဲ့ အိမ်ကတော့ ၁၀ ကျော်ရှိပါတယ်။ အဲဒီအိမ်တွေကတော့ ကမ်းပါးရေတိုက်စားပြီးတော့ အခုဆို အချိန်မရွေးမျောပါသွားနိုင်တဲ့အခြေအနေရှိနေပါတယ်" ဟု ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လနောက်ဆုံးပတ်ကလည်း အဆိုပါကျေးရွာမှ ဒေါ်မလှဝင်း၏နေအိမ်မှာ ကမ်းပါးပြိုကျကာ ချောင်းရေနှင့်အလုံးစုံမျောပါဆုံးရှုံးခဲ့ကြောင်း နေအိမ်ပိုင်ရှင် ဒေါ်မလှဝင်းက ပြောသည်။

"ကမ်းပါးပြိုပြီးတော့ နေအိမ်တစ်အိမ်လုံး ချောင်းထဲပြိုဆင်းသွားပါတယ်။ အခုနေစရာအိမ်မရှိလို့ အသိအိမ်မှာ ကပ်နေရပါတယ်။အိမ်ဆောက်မယ့် မြေနေရာလည်းမရှိတော့ဘူး" ဟု ပြောသည်။




ကျောက်နီမော်တိုက်နယ်၊ တောကြားကျေးရွာအုပ်စုရှိ သင်းပန်းချိန်ကျေးရွာသည် အိမ်ခြေ ၁၈၀ ၊ လူဦးရေ ၁၀၀၀ ကျော်နေထိုင်သည့်ကျေးရွာတစ်ရွာဖြစ်သည်။

လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ခန့်ကပင် ချောင်းကမ်းပါးရေတိုက်စားမှုဒဏ်ကိုကြုံတွေ့လာရပြီး နေအိမ်များပြိုကျပျက်စီးမှုလည်းရှိခဲ့ကြောင်း ကျေးရွာသားများက နိရဥ္စရာသို့ပြောသည်။

လက်ရှိနေအိမ် ၁၀ ကျော်မှာလည်း အချိန်မရွေးကမ်းပါးပြိုကာပျက်စီးသွားနိုင်သည့်အတွက် စိုးရိမ်စိတ်ဖြင့်နေထိုင်နေရကြောင်း နောက်ထပ်နေအိမ်ပိုင်ရှင်တစ်ဦးဖြစ်သည့် ဦးကြံနုက နိရဥ္စရာသို့ပြောသည်။

"ကမ်းပါးတွေပြိုလို့ မီးဖိုဆောင်ကတိုင်တွေဆို အကုန်အလွတ်လိုဖြစ်နေပါတယ်။ ညဉ့်ဆိိုအိပ်တောင်မအိပ် ရဲဘူး။ အိပ်နေတုန်းပြိုကျမှာစိုးလို့" ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကို ကျေးရွာသားများက အသိပေးပြောဆိုထားသော်လည်း မြို့နယ်အဆင့်တာဝန်ရှိသူများထံ တင်ပြခြင်းရှိ၊ မရှိကိုမူ မသိရသေးကြောင်း ကျေးရွာသားများက ပြောသည်။

တောကြားကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးလှမောင်သန်းကို နိရဥ္စရာက ဆက်သွယ်မေးမြန်းရာ တောကြားကျေးရွာအုပ်စုရှိ တောကြား၊ ဆီးသမား၊ သင်းပန်းချိန်ကျေးရွာသုံးခုလုံးတွင် တောင်ကျချောင်းရေကြောင့် ကမ်းပါးပြိုကျမှုများ နှစ်စဉ်ရှိနေကြောင်း ပြောသည်။

"ဒါတွေအားလုံးကို ကမ်းထိမ်းနံရံလုပ်ဖို့ဆိုတာကလည်း ငွေကြေးကမတတ်နိုင်ဘူး။ တောင်ကျချောင်းရေက တစ်နှစ်နဲ့တစ်နှစ်တိုက်စားတဲ့လမ်းကြောင်းပုံစံကလည်းမတူတော့ ကမ်းထိန်းလုပ်လို့အဆင်မပြေနိုင်ဘူး။ ဒါနဲ့ပဲ ကျွန်တော်တို့လည်း အထက်ကိုတင်ပြတာတော့ မရှိသေးပါဘူး" ဟု နိရဥ္စရာသို့ပြောသည်။

နေအိမ်ပြိုကျပျက်စီးမည့်အရေးကြုံတွေ့နေရသည့် အိမ်ထောင်စုများအနေဖြင့် အစိုးရက ကမ်းထိန်းနံရံတစ်ခု သို့မဟုတ် ဘေးအန္တရာယ်ကင်းသည့် မြေနေရာသစ်ပြောင်းရွေ့ဆောက်လုပ်နေထိုင်ခွင့်ရရန်လိုလားနေကြသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်နှင့် ၂ ရက်အတွင်းကလည်း တောင်ကုတ်မြို့နယ်၊ ကုလားရောင်ကျေးရွာတွင်  မိုးသက်လေပြင်းကျရောက်စဉ် ရေလှိုင်းရိုက်ခတ်မှုကြောင့် ကမ်းပါးပြိုကျကာ နေအိမ် ၃၀ ပျက်စီးခဲ့ပြီး စုစုပေါင်း နေအိမ် ၅၇ လုံးခန့်ကို အရေးပေါ်ဖြိုဖျက်ပြောင်းရွှေ့ခဲ့ရသည်။

အဆိုပါနေအိမ် ၅ဝ ကျော်မှ လူဦးရေ ၂ဝဝ သည်လည်း အစိုးရက မြေနေရာသစ်ချမပေးသေး၍ ဆွေမျိုးများ၏နေအိမ်တွင် ခက်ခက်ခဲခဲ ခိုလှုံနေကြရသည်ဟု သိရသည်။ 
ဓာတ်ပုံ - သင်းပန်းချိန်ကျေးရွာတွင် ဩဂုတ်လနောက်ဆုံးပတ်က ကမ်းပါးပြိုကျပျက်စီးသွားသည့် နေအိမ်တစ်လုံးအားတွေ့ရစဉ် (Photo - ကိုမင်းစိုးထွေး)

ဆက်စပ် သတင်းများ