Preview

ရမ်းဗြဲတွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲ၍ မြို့နေရာအနှံ့ မီးလောင်နေ

ဇန်နဝါရီ ၂၄/ ၂၀၂၄ | ကြည့်ရှုသူ :7088
ရခိုင် သတင်း

ရခိုင်ပြည် ရမ်းဗြဲမြို့တွင် ရက္ခိုင့်တပ်တော်(AA)နှင့်စစ်ကောင်စီတပ်တို့အကြား  တိုက်ပွဲပြင်းထန်နေပြီး  စစ်ကောင်စီက ဂျက်တိုက်လေယာဉ်များဖြင့်ဗုံးကြဲတိုက်ခိုက်နေ၍ နေရာအနှံ့အပြားတွင်မီးလောင်နေကြောင်းသတင်းရရှိသည်။

ရမ်းဗြဲမြို့ သိမ်တောင်ကုန်းနှင့် ကိုယ်ရံတော်တောင် အနီးဝန်းကျင်တွင် ယနေ့ဇန်နဝါရီ (၂၄) ရက်နံနက် ၈နာရီမှ ညနေ ၅ နာရီအထိ တိုက်ပွဲ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီကဂျက်လေယာဉ်များဖြင့် ဗုံးကြဲ တိုက်ခိုက်နေသည်ဟု ရမ်းဗြဲမြို့ခံ တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

" မနက် ၁၀နာရီလောက်ကနေစပြီး ဂျက် လေယာဥ်နဲ့စပစ်တယ်။ ၁၁နာရီခွဲလောက်မှာနောက် ဂျက်ဖိုက်တာတစ်စီးနဲ့ဗုံး၂လုံးပူး နှစ်ကြိမ်လာချတယ်။ စက်သေနတ်နဲ့ တစ်ကြိမ်ပစ်တယ်။ နေ့လယ် ၁ နာရီ ၅၀လောက်မှာ ဂျက်လေယာဥ်နဲ့ ဗုံးထပ်ကြဲပြီး စစ်သေနတ်လည်း ထပ်ပစ်တယ်။ မွန်းလွဲ  ၂ နာရီ ၅၀ မိနစ်ထိပစ်တယ်။ ရပ်လိုက်၊ ခဏနေ ပစ်လိုက် ဖြစ်နေတယ်။ အရမ်း ကြောက်စရာကောင်တယ်" ဟုပြောသည်။

ယင်းအပြင် ညနေ၄နာရီခန့်မှစ၍ ရုရှားထုတ်MIG29ဟုထင်၇သည့်တိုက်လေယာဉ်တစ်စီးဖြင့်ဗုံးထပ်မံ လာကြဲနေသည်ဟု ၎င်းကပြောသည်။



" နေ့ခင်းတွေကပစ်တာနဲ့ ဒီအစီးက မတူဘူး။ အသံထက်မြန်တယ်ပစ်နေတာ။ သူတို့ တပ်စခန်းမကျဖို့ အသည်းအသန် ခုခံနေကြတာ" ဟု ပြောသည်။

၎င်းဂျက်တိုက်လေယာဉ်များမှတောင်ဥက္ကလာရပ်ကွက်၊ လောင်းချောင်းရပ်ကွက်၊ မြို့လယ်ဓမ္မာရုံနား တစ်ဝိုက်ကို ဗုံးကြဲချခဲ့၍ မီး လောင်နေသည်ဟုရမ်းဗြဲမြို့ခံတစ်ဦးကနိရဉ္စရာကို ပြောသည်။

" တောင်ဥက္ကလာရပ်ကွက်၊ လောင်းချောင်းဘက်မှာ မီးလောင်နေတယ်။ အောင်စေတီ အနီး ရဲစခန်းမှာလည်း နည်းနည်းလောင်သွားတယ်။ ခု၅ နာရီကျော်တဲ့တိ ဗုံးလာကြဲတုန်းပါ။ လာတာက လေယာဉ် သုံးစီးလောက် ခန့်မှန်းရတယ်။တစ်ပြိုင်တည်းလာတာတော့မဟုတ်ဘူး" ဟုပြောသည်။

စစ်ကောင်စီသည် သမိုင်းဝင်ရမ်းဗြဲမြို့ ရက္ခိုင့်တပ်တော်လက်ထဲမကျရောက်စေရေးအတွက် လေကြောင်း၊  ရေကြောင်း အင်အားဖြင့် အသည်းအသည် ခုခံကာကွယ်နေသော်လည်း ရက္ခိုင့်တပ်တော်ကလည်းနောက်မဆုတ်ဘဲ တိုက်ပွဲဝင်လျက်ရှိနေကြောင်း ဒေသခံပြည်သူများက ပြောကြားသည်။ (NN-11)

ပုံစာ- ရမ်းဗြဲမြို့ယနေ့တိုက်ပွဲကြားမှ ထွက်လာသည့် မီးခိုးလုံးများ


#စစ်ကောင်စီ#တိုက်ပွဲ#ရမ်းဗြဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.