စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

မောင်တောခရိုင်တွင် ခိုးဝင်လာသူ၅ဦး၌ ကိုရိုနာတွေ့ရှိပြီးနောက် တရားမဝင်နယ်စပ်မှ ဝင်ရောက်လာသူများကို ဥပဒေနှင့်အညီအရေးယူရန် ဆန္ဒဖော်ထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 7.8k

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဇွန် ၁၂/ ၂ဝ၂ဝ

မောင်တောခရိုင်တွင် တစ်ဘက် ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ တရားမဝင် ခိုးဝင်လာသူများ အထဲမှ လူ ၅ ဦး၌ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိပြီးနောက် နယ်စပ်မှ တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာသူများကို ဥပဒေနှင့် အညီ အရေးယူပေးရန် ယနေ့ နေ့လယ်က မောင်တောဒေသခံ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား တစ်ဦးတို့မှ  ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ 

ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူ မောင်တောမြို့ခံ ဦးစိန်လှဖြူက “ကိုဗစ်နဲ့ ပတ်သက်လို့ လုပ်တာပါ။ အခု ခိုးဝင်လာတဲ့သူတွေကို လဝကမှလည်း တရားစွဲလို့မရဘူး။ နယ်စပ်ဖြတ်ကျော်မှုနဲ့လည်းတရားစွဲလို့မရဘူးလို့ ပြောတယ်။ သဘာဝဘေးအန္တရာယ်နဲ့သာ တရားစွဲလို့ရတယ်လို့ ပြောတယ်။ ရဲကမြို့နယ်ရုံးကပြောတာ။ မောင်တောအခြေအနေက ဘင်္ဂလာဒေ့ရှ်မှာ အနီရောင်နယ်မြေသတ်မှတ်ထားသလို မောင်တောလည်း အခု အနီရောင် နယ်မြေဖြစ်နေပြီ။ ဒီလိုအခြေအနေကို ရောက်နေတဲ့အချိန်မှာ အတက်နိုင်ဆုံး ဝင်ပေါက် ထွက်ပေါက်တွေကို ပိတ်ဆို့ထားဖို့ တောင်းဆိုရတာပါ”ဟု သူကပြောသည်။

ဆန္ဒဖော်ထုတ်သူများသည် ပိုစတာများပေါ်တွင် တရားမဝင် ခိုးဝင်လာသူများကို တားဆီးကာကွယ်ပေးရေး၊ မြန်မာနယ်စပ် လုံခြုံမှုရှိစေရေး၊ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူများအား ဥပဒေနှင့်အညီအရေးယူ ပေးရေးနှင့် နယ်စပ်လုံခြုံရေး တာဝန်ကျသူများအား တာဝန်လစ်ဟင်းမှုအတွက် အရေးယူပေးရေးဆိုသည့် အချက်(၄)ချက်ကို ရေးသားပြီး မြို့ပေါ်လမ်းများတွင် ယနေ့ နေ့လယ် ၁ နာရီခွဲခန့်က လမ်းလျှောက်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။ 

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်ကို ပိတ်ထားကြောင်း အစိုးရမှ တရားဝင် ကြေညာထားသော်လည်း မောင်တောခရိုင် အတွင်းသို့ ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ ဆက်လက်ပြီး တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများ ရှိနေပြီး  ၎င်းတို့အထဲမှ ၅ ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ 

ဘင်္ဂလာဒေရှ့်နိုင်ငံမှ တရားမဝင် ခိုးဝင်လာသူများအထဲတွင် မောင်တောခရိုင် မောင်တောမြိ့နယ်တွင် ဇွန်လ ၄ ရက်နေ့က ၁ ဦး၊ ဇွန် ၈ ရက်နေ့က ၁ ဦး၊ ဇွန် ၁ဝ ရက်နေ့က ၂ ဦး အသီးသီးတွေ့ရှိခဲ့ပြီး  ဇွန်လ ၁၁ ရက်နေ့က ဘူးသီးတောင်တွင် တစ်ဦးတွေ့ရှိခဲ့သည်။ 

“ ဒီလို နေ့စဉ်ရက်ဆက် ကိုရိုနာဗိုင်းရပ်စပ် ကူးစက်ခံရသူတွေ တိုးလာတဲ့အတွက် ရခိုင်ပြည်သူတစ်ရပ်လုံး အကြားမှာ အထူး စိုးရိမ်မှုတွေ မြင့်တက်နေတယ်။ အခုဆိုရင် ၅ ယောက်ထိ ရှိနေပြီ။ နယ်စပ်ဒေသဖြစ်တဲ့ အတွက် အန္တရာယ် အရမ်းများတာကြောင့်  အစိုးရအနေနဲ့ ဝင်ပေါက်ထွက်ပေါက်တွေကို စနစ်တကျ ပိတ်ဆို့မှုတွေ  ပြုလုပ်ပေးစေလိုတယ်လို့ ဒေသခံများကပြောနေကြပြီ” ဟု ၎င်းက ပြောဆိုသည်။   

မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်များတွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ တရားမဝင် ခိုးဝင်လာသူ အများအပြား ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသဖြင့် လူဦးရေအတိအကျအား သိရှိနိုင်ရန်  မောင်တောခရိုင်အုပ်ချုပ်ရေးမှူးအား နိရဥ္စရာသတင်းဌာနမှ မေးမြန်းရာ ၎င်းတို့မှာ လူဦးရေအတိအကျ ဖြေဆိုခြင်းမရှိသဖြင့် အရေအတွက်ကို ဖော်ပြနိုင်ခြင်းမရှိခဲ့ပါ။ 

ရခိုင်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိသူ (၇)ဦးရှိနေပြီး ၎င်းတို့မှာ သံတွဲတွင် တစ်ဦး၊ တောင်ကုတ်တွင်တစ်ဦး၊ မောင်တောတွင် လေးဦးနှင့် ဘူးသီးတောင်မြို့နယ်တွင် တစ်ဦးတို့ ဖြစ်ကြသည်။ 

လက်ရှိတွင် မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်ရောဂါပိုးတွေ့ရှိသူ ၂၆၁ ဦးရှိပြီဖြစ်ကာ ရောဂါကြောင့် သေဆုံးသူ ၆ ဦးနှင့် ရောဂါပိုးကင်းစင်လာသူ ၁၆၅ ဦးရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ယနေ့ နံနက် ၈ နာရီက ထုတ်ပြန်ထားသည်။


ဆက်စပ် သတင်းများ