တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ကုန်တင်စက်လှေတစ်စီး ပေါက်တောမြို့နယ်တွင် နစ်မြုပ် (ကျပ်သိန်း ၃၇၀၀ ဖိုးခန့် ဆုံးရှုံး)


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 952

မောင်စာဂ၊ နိရဥ္စရာ၊ စက်တင်ဘာ ၂၂/၂၀၂၄

အကြမ်းဖက် စစ်ကောင်စီလေကြောင်းရန်ကို စိုးရိမ်၍ ညအချိန် ခုတ်မောင်းသွားလာနေသည့် ကုန်တင်စက်လှေ တစ်စီးသည် ပေါက်တောမြို့နယ် လက်မယာမြစ်အတွင်း စက်တင်ဘာ ၂၀ ရက်နေ့ နစ်မြုပ်သွားခဲ့သည်ဟု သတင်းရရှိသည်။ 

အဆိုပါစက်လှေသည် စက်တင်ဘာလ ၂၀ ရက်၊ ည ၂ နာရီခန့်တွင် ပေါက်တောမြို့နယ်၊ လက်မယာ မြစ်အတွင်းရှိ လက်မယာတံတား ကွန်ကရစ်တိုင်အားတိုက်မိရာမှ နစ်မြုပ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု နစ်နာသွားသည့်ကုန်သည်များနှင့် နီးစပ်သူတစ်ဦးက နိရဥ္စရာကို ပြောသည်။

"အဲဒီတံတားတိုင်ကို တိုက်ပစ်လိုက်တာ။ ညအချိန်ဖြစ်တာ။ ဆုံးရှုံးသွားတဲ့ ကုန်တွေက အများကြီးဘဲ။ စက်လှေပေါ် ပါလာတဲ့သူတွေကတော့ ဘာမှ ဖြစ်မသွားပါဘူး "ဟုပြောသည်။

အဆိုပါစက်လှေတွင် ဆန်အိတ် ၈၅၀ အပါအဝင်  အာလူး၊ ကြက်သွန်နီ၊ ငရုတ်သီးခြောက်နှင့် မုန့်ခြောက်ဖာစသည့်ကုန်များပါဝင်သွားပြီး စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၃၇၀၀ ဖိုးခန့် ရှိသည်ဟု သိရသည်။

အဆိုပါပစ္စည်းများမှာ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှ ကုန်သည် ၂ ဦးအပါအဝင် ကျောက်တော်နှင့် ဂုပ္ပီထောင့်ကျေးရွာတို့မှ ကုန်သည် အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၇ ဦး၏ ကုန်ပစ္စည်းများ ဖြစ်သည်ဟုလည်း သိရသည်။

၎င်းစက်လှေသည် ရခိုင်ပြည်အတွင်း ဒေသတစ်ခုနှင့် တစ်ခုအကြား အစုန်အဆန် သွားလာကုန်ကူးနေသော စက်လှေဖြစ်သည်ဟု သိရသည်။ 

ဓာတ်ပုံ - ရခိုင်တွင်တွေ့ရသည့် စက်လှေတစ်စီး။ (ပုံဟောင်း)

ဆက်စပ် သတင်းများ