သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ထောင်ချခံထားရသည့် ရခိုင်တက္ကသိုလ်ကျောင်းသား ၄ ဦး၏ အယူခံပြင်ဆင်ချက်အား ဒီဇင်ဘာလ ၁၆ ရက်တွင် အပြီးသတ်အမိန့်ချမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 616

မြထွီးသျှင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၄/၂၀၂၁
ထောင်ဒဏ် ၂ နှစ်နှင့် ၆ လချမှတ်ခံထားရသည့် ရခိုင်တက္ကသိုလ်ကျောင်းသား ၄ ဦးတို့၏ အယူခံလွှာပြင်ဆင်ချက်အား လာမည့်ဒီဇင်ဘာလ ၁၆ ရက်တွင် အပြီးသတ်အမိန့်ချမည်ဖြစ်ကြောင်း အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က နိရဥ္စရာကိုပြောသည်။
"ရုံးတော့မထုတ်ဘူး။ ရှေ့နေပဲရှိမယ်။ တကယ်လို့လွတ်တယ်လို့အမိန့်ကျလာရင် လွတ်ဝရမ်းကို ထောင်ကိုပို့ပြီး လွှတ်လိုက်မယ်။ အမှုနှစ်မှုကို တပေါင်းတည်းဖြစ်မယ်လို့ အများကြီးမျှော်လင့်တယ်ပေါ့နော်။ လူငယ်တွေဖြစ်တဲ့အတွက် အမြင့်ဆုံးပြစ်ဒဏ်ကိုပေးထားလို့ ပြစ်ဒဏ်ကို လျှော့ပေးလိမ့်မယ်လို့ မျှော်လင့်တယ်"ဟု ပြောသည်။
ထောင်ချခံထားရသည့်တက္ကသိုလ်ကျောင်းသား ၄ ဦးမှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဘက်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ်မှ ကိုမြတ်စိုးဝင်းနှင့် ရက္ခိုင်ပြည်ကျောင်းသားများသမဂ္ဂ(ဒဂုံတက္ကသိုလ်)မှ ကိုကောင်းထွန်းတို့ဖြစ်သည်။
၎င်းတို့ ၄ ဦးသည် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်က အစိုးရနှင့် စစ်တပ်ကိုဆန့်ကျင်ဆန္ဒပြမှုကြောင့် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၉)တို့ဖြင့်တရားစွဲခံရကာ စက်တင်ဘာလ ၁၆ ရက်တွင် စစ်တွေမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်နှင့် ၆ လချမှတ်ခဲ့ခြင်းဖြစ်သည်။
၎င်းတို့ထောင်ချခံလိုက်ရမှုကိုကျေနပ်မှုမရှိ၍ စက်တင်ဘာလ ၂၃ ရက်တွင် စစ်တွေခရိုင်တရားရုံး၌ အယူခံလွှာတင်သွင်းခဲ့သော်လည်း ပယ်ချခံလိုက်ရသည့်အတွက် အယူခံပြင်ဆင်ချက်ကို အောက်တိုဘာ ၄ ရက်တွင် ပြည်နယ်တရားလွှတ်တော်၌ တင်သွင်းခဲ့ကြသည်။
ယင်းအယူခံပြင်ဆင်ချက်ကို ရခိုင်ပြည်နယ်တရားလွှတ်တော်က နိုဝင်ဘာလ ၉ ရက်တွင် လက်ခံခဲ့ပြီးနောက် ဒီဇင်ဘာ ၇ ရက်တွင် အပြီးသတ်လျှောက်လဲချက်ကြားနာခဲ့ခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ