သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ထောင်ချခံခဲ့ရသော်လည်း ရခိုင်အမျိုးသားရေးအတွက်ရပ်တည်ချက်ပြောင်းလဲသွားမည်မဟုတ်ဟု ထောင်မှလွတ်လာသည့် တက္ကသိုလ်ကျောင်းသားများပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 8.7k


မြထွီးသျှင်
နိရဥ္စရာ၊ မတ် ၁၁/၂၀၂၂
NLD အစိုးရလက်ထက် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင် အစိုးရနှင့် စစ်တပ်ကို ဆန့်ကျင်ဆန္ဒပြမှုကြောင့် ထောင်ဒဏ် ၁ နှစ်နှင့် ၆ လကျခံခဲ့ရသော်လည်း မိမိတို့၏အမျိုးသားရေးအတွက် ရပ်တည်ချက်များပြောင်းလဲသွားမည်မဟုတ်ဟု ထောင်မှလွတ်လာသည့် ရခိုင်တက္ကသိုလ်ကျောင်းသားများက ပြောသည်။
လွတ်မြောက်လာသော ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေးက “ကျနော်တို့ကျောင်းသားတွေကတော့ လက်ရှိရခိုင်ပြည်နိုင်ငံရေးအခြေအနေနဲ့ လိုက်ပြီးတော့ ကျနော်တို့ဒီရခိုင်ပြည်ကျောင်းသားသမဂ္ဂကို ဒီထက်ပိုပြီးအင်အားတောင့်အောင်ပေါ့နော်။ ကျနော်တို့ပြန်ပြီးစုစည်းရမယ်။ ရပ်တည်ချက်ကတော့ ကျနော်တို့မပြောင်းပါဘူး။ ဒီအတိုင်းကျနော်တို့ဆက်သွားမယ်၊ ကျနော်တို့အမျိုးသားရေးအတွက်ပေါ့နော်။ ကျနော်တို့တတ်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင်ပေးမယ်။ လောလောဆယ်နိုင်ငံရေးအခြေအနေအရတော့ ကျနော်တို့ကျောင်းသားတွေနဲ့ ပြန်ပြီးတော့ဆွေးနွေးတိုင်ပင်ပြီးတော့မှ သမဂ္ဂကိုပြန်ပြီးအင်အားတောင့်အောင်လုပ်ရမယ်” ဟု နိရဥ္စရာသို့ပြောသည်။
လက်ရှိတွင် တက္ကသိုလ်နောက်ဆုံးနှစ်သင်တန်းများလည်းပြန်ဖွင့်နေပြီဖြစ်သဖြင့် ယခုထက်ပိုစောကာ လွတ်မြောက်လာပါက စာများလေ့လာနိုင်ပြီး စာမေးပွဲဝင်ရောက်ဖြေဆိုနိုင်မည်ဖြစ်ကြောင်းလည်း စစ်တွေတက္ကသိုလ်မှ ဥပဒေပညာအထူးပြုဘာသာရပ် စတုတ္ထနှစ်ကျောင်းသားလည်းဖြစ်သည့် ကိုကျော်နိုင်ဌေးက ဆက်ပြောသည်။
၎င်းတို့ဖမ်းဆီးထောင်ချခံရစဉ်တွင် ပြည်သူများနှင့် ကျောင်းသားများက ၎င်းတို့နှင့်အတူရပ်တည်ဝန်းရံခဲ့ခြင်းကြောင့်လည်း ဝမ်းမြောက်ဝမ်းသာဖြစ်မိပြီး မိမိတို့ရခိုင်လူထု၏ဆန္ဒများကို တစ်ဖက်တစ်လမ်းမှ ရခိုင်ကျောင်းသားထုအနေဖြင့် ဖော်ထုတ်ခွင့်ရခဲ့သည့် ခံစားချက်များကြောင့် ထောင်ထဲတွင် နေခဲ့ရသည့်အချိန်များကို ခံနိုင်ရည်ရှိခဲ့ကြောင်း လွတ်မြောက်လာသည့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ တွဲဘက်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်က ပြောသည်။
“ကျနော်တို့လောလောဆယ်မှာတော့ ရခိုင်မှာရှိတဲ့ကျောင်းသားထုတွေနဲ့ သမဂ္ဂကိုပိုပြီးတော့ ကောင်းအောင်ဖွဲ့စည်းမယ်။ နောက်ပြီးပြည်သူတွေ၊ ကျောင်းသားထုတွေအတွက် ကျနော်တို့အတူတကွရှိနေမယ််” ဟုပြောသည်။
ကိုဦးသန်းနိုင်မှာ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) စတုတ္တနှစ်ကျောင်းသားဖြစ်ပြီး လာမည့် မတ်လ ၁၇ ရက်တွင် တက္ကသိုလ်စာမေးပွဲကို ဖြေဆိုနိုင်ရန်အတွက် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) ကျောင်းအုပ်ကြီးထံတွင် အသနားခံစာတင်သွားမည်ဖြစ်ကာ ဖြေဆိုခွင့်ရပါက အတတ်နိုင်ဆုံးကြိုးစားသွားမည်ဖြစ်ကြောင်းသိရသည်။
လွတ်မြောက်လာသူများသည် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဘက်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ်မှ ကိုမြတ်စိုးဝင်းနှင့် ရက္ခိုင်ကျောင်းသားများသမဂ္ဂ(ဒဂုံတက္ကသိုလ်)မှ ကိုကောင်းထွန်းတို့ဖြစ်သည်။
၄င်းတို့ ၄ ဦးသည် ယနေ့ မတ်လ ၁၁ ရက် နံနက် ၆ နာရီခန့်တွင် စစ်တွေအကျဉ်းထောင်မှ ထောင်ချုပ်ရက်စေ့၍လွတ်မြောက်လာခြင်းဖြစ်သည်။
၎င်းတို့ ၄ ဦးသည် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်က အစိုးရနှင့် စစ်တပ်ကိုဆန့်ကျင်ဆန္ဒပြမှုကြောင့် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ(၂၉)တို့ဖြင့်တရားစွဲခံရကာ ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်တွင် စစ်တွေမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်နှင့် ၆ လချမှတ်ခံခဲ့ရခြင်းဖြစ်သည်။
ထောင်ချခံလိုက်ရသည်ကို ကျေနပ်မှုမရှိ၍ ရခိုင်ပြည်နယ်တရားလွှတ်တော်သို့ အယူခံဆက်တက်ခဲ့ရာ ၄င်းတို့၏အယူခံလွှာပြင်ဆင်ချက်အရ စွဲဆိုထားသည့်အမှု ၂ မှုကို တပေါင်းတည်းသတ်မှတ်ကာ ထောင်ဒဏ် ၂ နှစ်နှင့် ၆ လအစား ထောင်ဒဏ် ၁ နှစ်နှင့် ၆ လသာကျခံစေရန် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်က အမိန့်ချမှတ်ခဲ့သည်။
ဓာတ်ပုံ - ဒေါ်ညိုအေး

ဆက်စပ် သတင်းများ