စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ပေါက်တောမြို့နယ်မှ ရွာချောင်းကြီးကျေးရွာမှ နေအိမ်တစ်လုံးအား ရဲတပ်ဖွဲ့မှ ဝင်ရောက်စစ်ဆေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 4.5k

ဆောင်းဇာခြည်
နိရဥ္စရာ၊  ဇူလိုင် ၂၉/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ ရွာချောင်းကြီးကျေးရွာမှ နေအိမ်တစ်လုံးအား ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က အဆိုပါကျေးရွာသို့လာရောက်ကာ ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင်များနှင့် လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

“အိမ်မှာ လူဘယ်နှစ်ယောက်ရှိလဲ မေးတယ်။ ရှိတဲ့လူတွေက ဘာအလုပ်အကိုင် ရှိကြလဲ  မေးပါတယ်။ သူတို့ စစ်ဆေးနေချိန်မှာ ကျွန်တော်တို့ကို အိမ်ပေါ်မတက်ခိုင်းပါဘူး။ ကျွန်တော်တို့က ပင်ပန်းဆင်းရဲလို့ လယ်လုပ် စားနေကြတာပါ။ သားလေးနှစ်ယောက် ကိုတောင် ကျောင်းကထွက်ခိုင်းပြီး လယ်ထဲဆင်းခိုင်းထားရတယ်။ ရွာက အုပ်ချုပ်ရေးမှူးရယ်၊ နောက်ပြီး လဝကနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးတို့ ပါတယ်လို့ ပြောပါတယ်။  ကျွန်တော်လည်း မမြင်ဖူးတော့ ဒါက ဘယ်သူဘယ်ဝါကို အတိကျမပြောနိုင်ဘူး”ဟု စစ်ဆေးခံရသူ အိမ်ပိုင်ရှင် ဦးမောင်ထွန်းဝင်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အိမ်ထောင်စုစာရင်း၊ လူဦးရေနှင့် အလုပ်အကိုင်များကိုမေးကာ  အိမ်ပေါ်မှ နံရံတွင် ချိတ်ဆွဲထားသည့် ၄င်းသားအကြီး မောင်စိုးဘသန်း၏ ဓါတ်ပုံကိုလည်း ရဲတပ်ဖွဲ့ဝင်များက ယူဆောင်သွားကြောင်း သိရသည်။

“အဲဒီအိမ်ကို မနေ့က လာစစ်ဆေးပါတယ်။  တခြားအိမ်တွေတော့ မပါပါဘူး။ ထွေထွေထူးထူးတော့  သိပ်မရှိခဲ့ပါဘူး။ အိမ်ထောင်စုရာရင်းတွေနဲ့ သူတို့ အိမ်ပေါ်တက်ပြီးတော့ စစ်ဆေးခဲ့ကြပါတယ်”ဟု  ရွာချောင်းကြီးကျေးရွာမှ ဦးဦးသန်းကလည်း နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ရဲတပ်ဖွဲ့ဝင်မှာ ၁ဝ ဦးခန့်ရှိပြီး ဦးအောင်ထွန်းဝင်းနှင့် ဇနီးဖြစ်သူအားလည်း ဓါတ်ပုံရိုက်ယူသွားခဲ့ပြီး ၄င်းတို့ရှိ ပျက်နေသောဖုန်းတစ်လုံးမှ ဖုန်းနံပတ်များကိုလည်း ရဲတပ်ဖွဲ့ဝင်များက ယူသွားကြောင်း သိရသည်။

“ကျွန်တော့်သားအကြီးက မလေးရှားကို လွန်ခဲ့တဲ့ အပတ်လောက်တည်းက သွားတာပါ။ အိမ်မှာ လက်ရှိမိသားစု ဝင်က သူတစ်ယောက်တည်းမရှိတာဆိုတော့ သူဘယ်သွားလဲ၊ ဘာလုပ်နေလဲ မေးတာပေါ့။ မလေးရှားမှာ သူအလုပ်လုပ်နေတယ်ပြောတော့ နံရံမှာ ချိတ်ထားတဲ့ သူ့ဓါတ်ပုံကို ယူသွားကြပါတယ်”ဟု ဦးမောင်ထွန်းဦးက ဆက်ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရွာချောင်းကြီးကျေးရွာမှ အုပ်ချုပ်ရေးမှူးအား ဆက်သွယ်သော်လည်း အဆက်သွယ်မရရှိခဲ့ပါ။

ရဲတပ်ဖွဲ့ဝင်များမှာ ရွာချောင်းကြီးကျေးရွာတွင် စစ်ဆေးမှုများပြုလုပ်ပြီးလျှင် ရွာအနီးရှိ ကျော်ရှင် ကျေးရွာသို့ သွားကာ ကျောင်းထိုင်ဆရာတော်ရှိမရှိ မေးမြန်းခဲ့ကြောင်း၊  ဆရာတော်မှာ ကျောင်းတွင် မရှိသောကြောင့် ရဲတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့်မရခဲ့ကြောင်း  ဒေသခံများက ပြောသည်။


ဆက်စပ် သတင်းများ