သောကြာ၊ အောက်တိုဘာလ ၁၈ရက်၊ ၂၀၂၄

စစ်ကိုင်းတိုင်း ခင်ဦးမြို့တွင်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး


  • ရေးသူ: Web Master (NN 15)
  • | ရက်စွဲ: ၁၈ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်တွင် မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF) က ကြားဖြတ်တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးအား သေဆုံးခဲ့ပြီး သေနတ် ၂ လက်ရရှိခဲ့ကြောင်း သိရသည်။

ခင်ဦးမြို့ပေါ် မင်းသိုက်တိုက်အပေါ်တွင်တပ်စွဲထားသော စစ်ကောင်စီတပ်သား ၃ ဦးသည် ယမန်နေ့ အောက်တိုဘာ ၁၇ ရက်၊ နံနက်(၇)နာရီခန့်တွင် ခင်ဦး - ရေဦးကားလမ်းအတိုင်းထွက်လာရာ မင်းသိုက်တိုက်နှင့် ဆေးရုံကြားကွေ့အရောက်၌ မြို့နယ် PDF က ကြားဖြတ်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုတွင် စစ်သားနှစ်ဦးသည် နေရာတင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာဖြင့် ထွက်ပြေးသူတစ်ဦးမှာ ဆေးရုံအရောက်တွင် သေဆုံးခဲ့ကြောင်း မြို့နယ် PDF တာဝန်ရှိသူတစ်ဦးက နိရဥ္စရာကို ပြောသည်။

“နှစ်ယောက်က နေရာတင်ပွဲချင်းပြီးတယ်။ တစ်ယောက်ကဆေးရုံရောက်မှာသေတာ။ ကျွန်တော်တို့ တစ်ဖွဲ့တည်းကလုပ်ခဲ့တာပါ။ နောက်လည်း စစ်ဆင်ရေးတွေရှိပါတယ်”ဟု နိရဥ္စရာအား ပြောသည်။

ယင်းတိုက်ခိုက်မှုအတွင်း PDF ဘက်က ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး MA1 သေနတ် နှစ်လက်ကို သိမ်းပိုက်ရရှိခဲ့သည်ဟုလည်း သိရသည်။

ထိုသို့တိုက်ခိုက်ပြီးနောက် ခင်ဦးမြို့ပေါ်တွင် စစ်ကောင်စီတပ်သားများသည် ဒေသခံများ၏ ကားများနှင့်ဆိုင်ကယ်များအား စစ်ဆေးခဲ့ပြီး ဖမ်းဆီးမှုအချို့ရှိခဲ့ကြောင်း သိရသည်။

ခင်ဦးမြို့နယ်ကို ၂ဝ၂၃ ခုနှစ်၊ ဖေဖော်ဝါရီလက စစ်အုပ်ချုပ်ရေးကြေညာအပြီး ခင်ဦးမြို့ပေါ်တွင် လက်နက်ကိုင်ထားသော ဒုရဲအုပ်တစ်ဦးအား မြို့နယ် PDF အဖွဲ့က တိုက်ခိုက်ခဲ့ရာ G3 (စကရ ၁၇၄၄)တစ်လက်ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် မေလအတွင်းကလည်း ခင်ဦးမြို့၊ မူးတိမ်ချောင်းမှထွက်လာသော စစ်ကောင်စီတပ်သား ၂ ဦးအား မြင်းဒေါင်းနှင့် သာဂရရွာကြားတွင် တိုက်ခိုက်ခဲ့ရာ သေဆုံးခဲ့ပြီး MA1 တစ်လက်နှင့် AK47 တစ်လက် ရရှိထားခဲ့ကြောင်း သိရသည်။ (NN-15)

ဓာတ်ပုံ - ခင်ဦးမြို့နယ် PDF

ဆက်စပ် သတင်းများ