တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

သံတွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်စဉ် မတော်တဆပေါက်ကွဲမှုဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၄၀ နီးပါးသေဆုံးကာ ၇ ဦးခန့် ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 2.5k

သဉ္ဇာနွယ်

နိရဉ္စရာ၊ မေ ၇/၂၀၂၄

ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်စဉ် လက်နက်ကြီးကျည် မတော်တဆပေါက်ကွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၄၀ နီးပါးသေဆုံးကာ ၇ ဦးခန့် ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

သံတွဲမြို့နယ်၊ ဘားတောင်းတောင်ပေါ်တွင်တပ်စွဲထားသည့် ဗျူဟာကုန်းပေါ်မှ ယမန်နေ့ မေလ ၆ ရက်နေ့နေ့လယ် ၁နာရီကျော်ခန့်က တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် ရွှေလှေတိုက်နယ်ဖက်သို့ လက်နက်ကြီးကျည်များ၊အတွဲလိုက်ဒုံးကျည်များ ပစ်ခတ်နေစဥ် ကျည်တစ်လုံးသည် လက်နက်ကြီးပစ်စင်မှ မထွက်ဘဲ ပေါက်ကွဲခဲ့သဖြင့် စစ်သား ၃၀ ထက်မနည်းသေဆုံးသွားပြီး ၇ ဦးခန့်ဒဏ်ရာရရှိသွားသည်ဟု သံတွဲမြို့မှ အာရက္ခတပ်တော်နှင့်နီးစပ်သည့်သူတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ မနေ့က ဘားတောင်းတောင်ဗျူဟာက အတွဲလိုက်ဒုံးကျည်နဲ့ ရွှေလှေဖက်ကိုပစ်ခတ်နေရင်း သုံးကြိမ်မြောက်မှာ လက်နက်ကြီးကျည်တစ်လုံးက မထွက်ဘဲ   ပစ်စင်အထဲမှာပဲ ပေါက်ကွဲသွားလို့ လက်နက်ပစ်ခတ်နေတဲ့စစ်သားတွေနဲ့ အဲ့ဒီဧရိယာမှာရှိတဲ့ စစ်သား  ၄၀ နီးပါး သေဆုံးသွားတယ်။ ၇ ယောက်လောက်ဒဏ်ရာရတယ်လို့ သိရတယ်” ဟုပြောသည်။

ယမန်နေ့က လက်နက်ကြီးကျည်ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကျည်ပေါက်ကွဲခဲ့သည်ကို သံတွဲဒေသခံအမျိုးသမီးတစ်ဦးကလည်း နိရဥ္စရာကို အတည်ပြုပြောဆိုထားသည်။

“ မနေ့က ဆိုရင် အတွဲလိုက်ဒုံးကျည်တွေနဲ့ပစ်ခတ်တာ အန်တီတို့အကျယ်ကြီးကြားရတယ်။အဲ့ဒီဘားတောင်းတောင်ဗျူဟာကုန်းကပဲ ပစ်နေတာ။ တစ်လုံးကတော့ အပြင်ကို မထွက်ဘဲ သူတို့ဗျူဟာကုန်းအနီးအနားဝန်းကျင်မှာကျလို့ ထွက်ပြေးကြတာစစ်သားတွေ။ အထိအခိုက်တော့ရှိမယ်လို့ထင်တယ်။ ဒါပေမယ့် အန်တီတို့ ဒေသခံတွေအနေနဲ့အတွင်းကျကျမသိနိုင်ဘူးပေါ့နော်။ရှိခဲ့ရင်ကြားခဲ့ရင်တော့ အပြင်ကိုပေါက်မထွက်အောင် ထိန်းထားကြတယ်” ဟုပြောသည်။

ယခုဖြစ်ရပ်နှင့်ပတ်သက်ပြီး အာရက္ခတပ်တော်(AA)မှ သတင်းထုတ်ပြန်ခြင်းမရှိသးဘဲ နိရဉ္စရာသတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။ 

သံတွဲမြို့နယ်အတွင်း အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီ စစ်တပ်တို့ကြား ဧပြီ ၁၃ရက်၊ ဧပြီ ၂၂၊ဧပြီ ၂၆ ရက်၊ ဧပြီ ၂၈၊ မေ ၃ရက်၊မေလ ၄ရက်တို့တွင် ရွှေလှေတိုက်နယ် အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကြပြီး တိုက်ပွဲအများစုတွင် စစ်ကောင်စီက ရေတပ်နှင့် လေကြောင်း လက်နက်ကြီးများကို အသုံးပြုခဲ့ကာအကျအဆုံးများခဲ့ကြောင်းသိရသည်။ 

ဆက်စပ် သတင်းများ