တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်ကောင်စီက အပစ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်ပြီး ကိုးကန့် MNDAA ကို တိုက်ခိုက်၍ တစ်ဦးကျဆုံး


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၅ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.4k

စစ်ကောင်စီသည် အပစ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ပြီး ကိုးကန့် အထူးဒေသ (၁) တွင် ရှောင်တခင် ဝင်ရောက်တိုက်ခိုက်၍ ရဲဘော် ၁ ဦး ကျဆုံးသွားကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ဇန်နဝါရီ ၂၄ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၂၄) ရက်၊ နေ့လယ် (၁၁) နာရီ (၂၁) မိနစ်အချိန်ခန့်၌ စစ်ကောင်စီ၏ “ဗျူဟာ (၄၈)” မှ တပ်ဖွဲ့ဝင်အင်အား (၃၀) ကျော်ခန့်သည် ကိုးကန့်တပ်မတော် (MNDAA) အခြေစိုက် တပ်စွဲထားသည့် ကိုးကန့်အထူးဒေသ (၁)၊ မူပန်ခရိုင်အတွင်းသို့ စစ်ကြောင်းနှစ်ကြောင်းဖြင့် ရှောင်တခင် ဝင်ရောက်လာခဲ့ကြောင်း၊  ထို့နောက် မိမိတို့အား အလစ်အငိုက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ ဤကဲ့သို့ စစ်ကောင်စီ၏ အလစ်အငိုက်တိုက်ခိုက်မှုကြောင့် မိမိတို့ဖက်မှ ရဲဘော် (၁) ဦး အသက် စွန့်လွှတ်ခဲ့ရကြောင်း ဖော်ပြထားသည်။ 

၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ (၁၆) ရက်နေ့ကလည်း စစ်ကောင်စီသည် "ဟိုင်ဂင်သဘောတူညီမှု” အား ပထမအကြိမ် ပေါ်ပေါ်ထင်ထင်ချိုးဖောက်ခဲ့ပြီးဖြစ်သောကြောင့် ယခုတစ်ကြိမ်နှင့်ဆိုလျှင် ဒုတိယ အကြိမ်ထပ်မံ ချိုးဖောက်လိုက်ခြင်းပင် ဖြစ်သည်ဟု ဆိုသည်။

၎င်းပြင် တအာင်းပြည်နယ်၊ တပ်မဟာ (၆) ဒေသ၊ လားရှိုးမြို့နယ်၊ နမ့်တွန်ရွာ၌ အခြေချ တပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်းမှ နံနက် (၁၁) နာရီ (၂၀) မိနစ်အချိန်ခန့်က သိန္နီဘက်ခြမ်း နယ်စပ်တံတားသို့ လက်နက်ကြီးဖြင့် (၁၈) ကြိမ်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။  

အလားတူပင် တပ်မဟာ (၅) စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာသို့လည်း ရန်သူ့ ဂျက်ဖိုက်တာဖြင့် (၇) ကြိမ်၊ Mi-35 ရဟတ်ယာဉ်ဖြင့် (၃) ကြိမ်နှင့် Y-12 ဖြင့် (၁၁) ကြိမ်ဖြင့် ဗုံးအလုံးပေါင်း (၁၀၁) လုံး ကြဲချတိုက်ခိုက်ခဲ့သည့်အပြင် ဖျက်အားပြင်းပေါင် (၅၀၀) ဗုံး (၃) လုံးဖြင့်ပါ လာရောက်ပစ်ချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

မိမိတို့သည် " ဟိုင်ဂင်သဘောတူညီမှု" အား လိုက်နာသည်ကို အခွင့်ကောင်းယူ၍ စစ်ကောင်စီဖက်မှ ဗြောင်ကျကျ ချိုးဖောက်၍ တိုက်ခိုက်သည်မှာ ဟိုင်ဂင်သဘောတူညီမှုကို အလေးမထားရာ ရောက်သည့်အပြင် ကြားဝင်ဆောင်ရွက်ပေး သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ကူညီမှုကို အလေးမထားသည့် အပြင် စော်ကားလိုက်ခြင်းပင်ဖြစ်သည်ဟု ဖော်ပြထားသည်။

ဇန်နဝါလရီလ ၁၁ ရက်နေ့ “ဟိုဂင် သဘောတူညီမှု” အပစ်ခတ်ရပ်စဲရေးလက်မှတ် ထိုးခဲ့ပြီးနောက်  စစ်ကောင်စီက သဘောတူညီချက်ကို ချိုးဖောက်လာခြင်း ဖြစ်သည်။

ဆက်စပ် သတင်းများ