တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရမ်းဗြဲမြို့လူနေရပ်ကွက်များကို စစ်ကောင်စီက ဓာတုအဆိပ်ငွေ့သုံး၍ တိုက်ခိုက်ကြောင်း ညီနောင်သုံးဖွဲ့ထုတ်ပြန်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၉ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.3k

စစ်ကောင်စီသည် ရခိုင်ပြည် ရမ်းဗြဲမြို့ လူနေရပ်ကွက်များအား ဓာတုအဆိပ်ငွေ့သုံး၍ ကြဲချပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ဇန်နဝါရီ ၂၈ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီသည်  စစ်ပွဲနှင့် မသက်ဆိုင်သည့် ရမ်းဗြဲမြို့ လူနေရပ်ကွက်များအား လေယာဉ်များဖြင့် တိုက်ခိုက်ဖျက်ဆီးနေသည်မှာ ရက်သတ္တတစ်ပတ်ခန့်ကြာမြင့်လာပြီနောက် ဓာတု အဆိပ်ဓာတ်ငွေ့များ အသုံးပြုကာ တိုက်ခိုက်လာခြင်းဖြစ်သည်ဟုသိရသည်။ 

ညီနောင် ၃ ဖွဲ့၏ ထုတ်ပြန်ချက်အထဲတွင် “ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ကြား မြေပြင်ထိတွေ့တိုက်ပွဲ ကြီးကြီး မားမားဖြစ်ပွားခြင်းမရှိဘဲ မြို့ကိုပြိုပျက်စေရန် တမင်အကြမ်းဖက်၍ စစ်ကောင်စီဖက်မှ လက်နက်ကြီး၊ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်မှာ ရက်သတ္တတစ်ပတ်ခန့်ကြာမြင့်လာပြီဖြစ်ကြောင်း၊ စစ်ကောင်စီသည် လေ‌ကြောင်း မှ ဂျက်ဖိုက်တာ များဖြင့် ဓာတုအဆိပ်ငွေ့သုံး၍ ကြဲချပစ်ခတ်တိုက်ခိုက်ခြင်းများထိပါ ပြုလုပ်လာလျက်ရှိကြောင်” ဖြင့် ဖော်ပြထားသည်။


ထို့အပြင် ရမ်းဗြဲမြို့ရှိ စစ်ကောင်စီတပ်စခန်းများမှလည်း လက်နက်ကြီးများဖြင့် တမင်တကာ ပစ်ခတ်မှုများကို နေ့စဉ်ရက်ဆက် ပြုလုပ်နေဆဲဖြစ်သည်ဟု ဖော်ပြသည်။

ရမ်းဗြဲမြို့ သိမ်‌တောင်ကုန်းနှင့် ကိုယ်ရံတော်‌တောင် အနီးဝန်းကျင်တွင် ဇန်နဝါရီ  ၂၄ ရက် နံနက် ၈နာရီမှ စတင် ပြီး ရက္ခိုင့်တပ်တော်နှင့်  စစ်ကောင်စီတို့အကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီက   ဂျက်လေယာဉ်များ ရဟတ်ယာဉ်များြင့်‌ နေ့စဉ် နေ့တိုင်း ဗုံးကြဲ တိုက်ခိုက်နေပြီး  တိုက်ပွဲနှင့် မသက်ဆိုင်သည့် လူနေရပ်ကွက်များကိုလည်း ဗုံးကြဲချ တိုက်ခိုက်သည်ဟု ရမ်းဗြဲမြို့ခံ တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

ဇန်နဝါရီ ၂၇ ရက်  နံနက် (၆) နာရီ (၄၀) မိနစ်အချိန်ခန့်မှစ၍ ဘူးသီးတောင်မြို့နယ်၊ ကြာညိုပြင် တံတားစခန်း အနီးတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ကြား ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ကာ ယနေ့တွင်လည်း တိုက်ပွဲမှာ ဆက်လက်ရှိနေခဲ့သည်။ ရန်သူ့ဖက်မှ အထိအခိုက်၊ အကျအဆုံးအချို့ရှိခဲ့သည်ဟု ဆိုသည်။

စစ်တွေအခြေစိုက် စစ်ကောင်စီ၏ “ခမရ (၂၃၂) နှင့် (၃၄၄) တပ်ရင်း” များမှ ယမန်နေ့၊ နေ့လယ် (၂) နာရီ ဝန်းကျင်တွင် အရပ်သားပြည်သူများနေထိုင်ရာမြို့၊ ရပ်ရွာများသို့ လက်နက်ကြီးများဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုသို့ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်အချို့သည် မင်းပြားမြို့နယ်၊ ငါးစင်ရိုင်းချောင်းအုပ်စု၊ ခွဆုံကျေးရွာနားရှိ လယ်ကွင်းထဲသို့ ကျရောက်ပေါက်ကွဲခဲ့ရာမှ ဥယျာဉ်လုပ်ကိုင် နေကြသည့် ဒေသခံအမျိုးသား (၃) ဦးတို့မှာ လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။ 

အလားတူပင် ယမန်နေ့ ည (၈) နာရီခွဲအချိန်ခန့်၌လည်း စစ်ကောင်စီ ၏ Y 12 လေယာဉ်သည် ရက္ခိုင်ပြည်၊ ပေါက်တော မြို့နှင့် အနီးတစ်ဝိုက်အား ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။

 ဓာတ်ပုံ- အင်တာနက်

ဆက်စပ် သတင်းများ