တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာက လူပေါင်း ၆၀ ခန့်ကို စစ်ကောင်စီဖမ်းဆီးသွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

(၂၆ ရက်နေ့ ရွာကနေ ဖယ်ပေးရန် အမိန့်ထုတ်)

နိရဉ္စရာ၊ ဇွန် ၂၄/ ၂၀၂၄

ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာမှ ရွာသား ၆၀ ခန့်ကို စစ်ကောင်စီတပ်က ဇွန် ၂၂ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးသွားကြောင်း ကျေးရွာသားများက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

“ အသက် ၅၀ နှစ်အောက် ရွာသား ၆၀ ကို ဖမ်းဆီးသွားပါတယ်။ ဒီနေ့နဲ့ဆိုရင် ဖမ်းဆီးသွားတာ နှစ်ရက်ရှိပါပြီ။ စစ်တွေ ဒကစကနေ ဖမ်းသွားတာပါ။ လူမပြည့်လို့ဆိုပြီး ကလေးတွေက အစ ဖမ်းသွားပါတယ်။ ခမရ ၃၄၄ တပ်ရင်းမှာ ဖမ်းထားတယ်လို့ သိရပါတယ်” ဟု ရွာသား တစ်ယောက်က ပြောသည်။

၎င်းပြင် အမျိုးသမီးများကို ရွာဘုန်းတော်ကြီကျောင်းတွင် စုထားပြီး ရွာကနေ ဇွန်လ ၂၆ ရက်နေ့ နောက်ဆုံး ရွာကနေ ထွက်ပေးရမည်ဟု ပြောဆိုထားသဖြင့် အခြေအနေ စိုးရိမ်ရသည်ဟု ပြောဆိုသည်။

“အမျိုးသမီးတွေကို ဘုန်းတော်ကြီးကျောင်းထဲမှာစုထားပါတယ်။ ယောကျ်ားဆိုရင် အသက်မပြည့်တဲ့သူတွေကအစ မသန်စွမ်းတဲ့ လူငယ်တွေက အစ ဖမ်းခေါ်သွားပါတယ်။ ခြေထောက် မသန်တဲ့ လူတွေလည်းပါသွားတယ်။ ရှစ်တန်း၊ ကိုးတန်းကအစ လူမပြည့်လို့ ဆိုပြီး ကားနဲ့ တင်ခေါ်သွားပါတယ်။   ပြီးရင် ဒီလ ၂၆ ရက်နေ့ ရွာကနေ ထွက်သွားဖို့  အမိန့်ထုတ်ထားပါတယ်”ဟု ပြောကြားသည်။

အမြင့်ကျွန်းကျေးရွာသည် စစ်တွေ- ရန်ကုန် ကားလမ်းပေါ်တွင် တည်ရှိပြီး ရွာသားအများစုမှာ ယခင်ကတည်းက ရွာကို စွန့်ခွာသွားခဲ့ကြပြီဟု ဆိုသည်။

ယခု ဖမ်းဆီးခံရသူများမှာ စစ်ပြေးရှောင်ရန် မတတ်နိုင်၍ ရွာတွင် ကျန်နေခဲ့ကြသည့် လက်လုပ်လက်စားများ ဖြစ်ကြ​ပြီး အဖမ်းခံရသူအများစုမှာ အမြင့်ကျွန်းကျေးရွာ စံပြပိုင်းကဟု သိရသည်။

ဖမ်းဆီးသည့် အကြောင်း အရင်းကို သိနိုင်အောင် ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ ဥပဒေချုပ် ဦးလှသိန်းနဲ့ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးကို ဖုန်းဆက်သွယ်သော်လည်း လက်ခံဖြေဆိုခြင်း မရှိပါ။

အခုလက်ရှိ ဖမ်းခံထားရသူများနှင့် အဆက်အသွယ်လည်း တစ်စုံတစ်ရာ မရသည့် အတွက် လွန်စွာ စိုးရိမ်စရာဖြစ်နေသည်ဟု ရွာသားများက ပြောသည်။


ဆက်စပ် သတင်းများ