သောကြာ၊ အောက်တိုဘာလ ၁၈ရက်၊ ၂၀၂၄

စစ်တွေ အကျဉ်းသား ၃၀၀ ကျော်ကို ဒုတိယအကြိမ် စစ်ကောင်စီက ထပ်မံခေါ်ထုတ်သွား (နှစ်ကြိမ်အတွင်း ခေါ်ထုတ်ခံရသူ ၆၀၀ ကျော်ခန့်ရှိ)


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k


သဉ္ဇာနွယ်၊ နိရဉ္စရာ၊ အောက်တိုဘာ ၉/၂၀၂၄

စစ်ရေး အခြေအနေ တင်းမာလာသည့် စစ်တွေမြို့၊  အကျဥ်းထောင်မှ ရဲပြေး၊ စစ်ပြေး အပါအဝင် အကျဉ်းသား ၃၀၀ ကျော်ကို စစ်ကောင်စီက ဒုတိယအကြိမ် ထပ်မံ ခေါ်ထုတ်ပြီး ရေယာဉ်နှင့် ခေါ်ယူသွားသည်ဟု သတင်းရရှိသည်။

စစ်တွေအကျဉ်းထောင်ရှိ ရဲပြေး၊ စစ်ပြေးများအပါအဝင် အသက် ၁၀ နှစ်နှင့်အထက် အကျဉ်းသား ၃၅၀ ကျော်ကို ယမန်နေ့ အောက်တိုဘာ ၈ ရက်၊ ညဉ့် ၁၂ နာရီခန့်က စစ်တွေရှိ ကိုးရီးယားဆိပ်ကမ်း(ခေါ်) BXT ဆိပ်ကမ်းမှတဆင့် သင်္ဘာဖြင့် ခေါ်ယူသွားခြင်းဖြစ်သည်ဟု  မြို့ခံအမျိုးသားတစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

" အောက်တိုဘာ ၇ ရက်နေ့ကတည်း ခေါင်းကိုမျက်နှာဖုံးစွပ်ပြီး ဆိပ်ကမ်းမှာစုထားတာ။ အဲဒီညလွန်ပြီး ၈ ရက်နေ့ မနက်အစောကြီး ည ၁ နာရီမှာ တစ်ခါပို့တယ်။ ၃၀၀ ရာလောက်။ ကျန်တဲ့လူတွေကို ဆိပ်ကမ်းအာဏာပိုင်က ဂိုဒေါင်မှာထားပြီး အောက်တိုဘာ ၈ ရက် ညမှာ တခါ ပို့တယ်"ဟုပြောသည်။

အကျဉ်းသား ၃၀၀ ခန့်ကို အောက်တိုဘာလ ၈ ရက်၊ နံနက်အစောကြီး  ည ၁ နာရီကျော်ခန့်တွင် BXT ကိုရီးယားဆိပ်ကမ်းမှ တစ်ဆင့် စစ်ဇက်ရေယာဉ်ဖြင့် ပို့ဆောင်ပြီး အောက်တိုဘာ ၉ ရက် ညအချိန်တွင် နောက်ထပ် ၃၅၀ ကျော်ကို ဒုတိယအကြိမ် ပိုဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။ 

ယခုကဲ့သို့ တစ်ရက်တည်းအတွင်း ထောင်သား ၆၀၀ ကျော်ထိ စစ်တွေထောင်မှ ခေါ်ထုတ်ပြီး ပြောင်းရွှေ့သွားခြင်းမှာ AA စစ်တွေကို တိုက်ခိုက်လာပါက အကျဉ်းသားများ လွှတ်မြောက်သွားမည်ကို စိုးရိမ်ပြီး ပြောင်းရွှေ့ခြင်းဖြစ်သည်ဟု ၎င်းအမျိုးသားက သုံးသပ်ပြောဆိုသည်။  

သူတို့ကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားမှန်းမသိရသေးသလို အဆက်အသွယ်လည်း မရကြဟု မိသားစုများက ပြောဆိုသည်။

စစ်တွေ့မြို့နယ်၊ ချီလည်ဖင်းကျေးရွာမှ မိသားစုဝင်အမျိုးသမီးတစ်ဦးက  "ကျမ အဖေနဲ့တော့ အရင်က မကြာမကြာအဆက်အသွယ်ရတယ်။ ထောင်ပြောင်းခံရမယ် လို့လည်း ပြောဖူးတယ်။ အခုနောက်ပိုင်း အဆက်အသွယ်မရတော့ဘူး။ ပြောင်းလိုက်ပြီလား၊ မပြောင်းရသေးလား မသိရတော့ အရမ်းစိတ်ပူတယ် " နိရဉ္စရာသတင်းဌာနကိုပြောသည်။

စစ်တွေထောင်မှ အကျဉ်းသားများအားလုံးကိုအောက်တိုဘာလ ၇ ရက်နေ့ ညအချိန်ကစပြီး စစ်ကားများဖြင့် BXT ဆိပ်ကမ်းသို့ ပို့ဆောင်ထားခြင်းဖြစ်ပြီး ၈ ရက်နေ့ နံနက် အစောကြီး  ၁ နာရီတွင် လူဦးရေ ၃၀၀ ခန့်ကို တစ်ကြိမ်နှင့် ၈ ရက်နေ့ည ၁၂ နာရီခန့်တွင် တစ်ကြိမ် သင်္ဘောဖြင့် ခေါ်ဆောင်သွားခဲ့သည်။

သူတို့ကို ရန်ကုန်နှင့်ဧရာဝတီဘက်သို့ခေါ်သွားသည်ဟု သိရသည်ဟု ဒေသခံများက ပြောသည်။ မည်သည့်နေရာသို့ခေါ်သွားသည်ကို နိရဥ္စရာအနေဖြင့် သီးခြားအတည်ပြု၍မရပါ။

ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးအပတ်ကလည်း စစ်တွေအကျဉ်းထောင်မှ အကျဥ်းသား ၅၀၀ ခန့်ကို စစ်ကောင်စီက ဇက်ရေယာဉ်ဖြင့်တင်ဆောင်သွားကြောင်း သိရသည်။

ဆက်စပ် သတင်းများ