အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ကျောင်းသားသမဂ္ဂများကွန်ရက်(ပခုက္ကူ)မှ ရခိုင် စစ်ဘေးသင့်ပြည်သူများသို့ သွားရောက်ကူညီမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ ၁၇/၂ဝ၁၉

"ကျောင်းသားသမဂ္ဂများကွန်ရက်(ပခုက္ကူ)"မှ ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်ရှိ စစ်ဘေးသင့်ပြည်သူများထံသို့ စားသောက်ကုန်ပစ္စည်းများ၊ အဝတ်အထည်များနှင့် ကျောင်းသုံးစာရေးကိရိယာများကို သွားရောက်ကူညီ လှူဒါန်း သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

၎င်းအဖွဲ့သည် ယနေ့ အောက်တိုဘာ ၁၇ ရက်နေ့ ညနေတွေင် ပခုက္ကူမြို့မှ စတင်ထွက်ခွာမည်ဖြစ်ပြီး ၎င်းခရီးစဉ်တွင် ကျောင်းသားခေါင်းဆောင် ၉ ဦး လိုက်ပါသွားမည် ဖြစ်ကြောင်း သိရသည်။

ချင်းကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ဆလိုင်းဗန်ဘီးနှီးဆာက “  ဒီနေ့ ပခုက္ကူကနေ မင်းပြားထိ ကားနဲ့ သွားမှာပါ။ ခြောက်ဘီး ကားတစ်စီးနဲ့ အဝတ်အစားတွေ၊ ဆီတွေကို တင်ပြီးသွားမှာပါ။ ဆန်ကိုတော့ မင်းပြားရောက်မှဘဲ ဝယ်မှာပါ။ ကူညီလှူဒါန်းမယ့်ငွေကတော့ သိပ်မများပါဘူး။ ကျပ် သိန်း ၇ဝ ကျော်လောက်ဘဲ ရှိပါတယ်” ဟု ပြောကြားသည်။ 

ယခုခရီးစဉ်အား ရခိုင်ပြည်နယ် အစိုးရထံ ခွင့်ပြုချက်ရထားပြီ ဖြစ်ကြောင်း၊ မင်းပြားမြို့နယ် ဖုံသာချောင်း တစ်လျှောက်ရှိ ချင်းတိုင်းရင်းသားများ အပါအဝင် စစ်ဘေးသင့်ပြည်သူများအားလုံးကို ကူညီသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ ကျွန်တော်တို့ အဲဒီဒေသကို သွားရောက်ကူညီရတဲ့ အဓိက ရည်ရွယ်ချက်က တစ်ခြားတော့ မဟုတ်ပါဘူး။ အဲဒီဒေသက တစ်အားခက်ခဲနေတယ်။ အဲဒီဒေသက အစားအဟာရ ပြတ်လပ်နေပါတယ်။ မလိုလားအပ်တဲ့ အသက်အိုးအိမ် ပျက်စီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင် ကြုံတွေ့နေရတယ်လို့ ကျွန်တော်တို့ကြားထားရတယ်။ နောက်ပြီးတော့ ကျွန်တော်တို့က တတ်နိုင်လို့ တအားကြီး ကူညီတာမျိုး လုပ်တာမဟုတ်ပဲနဲ့   ကျောင်းသားသမဂ္ဂ ကွန်ယက်အနေနဲ့ တတ်နိုင်သလောက် ကူညီပေးတာဖြစ်ပါတယ်။ အဲဒီဒေသမှာ ကျောင်းသား ကျောင်းသူတွေက ပညာသင်ကြားချင်ပေမယ့်လည်း သူတို့မှာက ပညာသင်လို့ မရတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ကျွန်တော်တို့ကြားထားတယ်။ အဲဒီတော့ ကျွန်တော်တို့မှာက ဒီညီငယ် ညီမငယ်တွေက အနာဂတ်လမ်းကြောင်း ပျောက်ဆုံးနေတယ်လို့ ယူဆထားတယ်။ အဲဒီတော့ ကျွန်တော်တို့ ဒီညီငယ် ညီမငယ်တွေ အတွက် တတ်နိုင်သလောက် စာရေးကရိယာတွေ တတ်နိုင်သလောက် လှူဒါန်းပေးဖို့ အစီအစဉ်ရှိတယ်။ ဒေသခံတွေကလည်း စားနပ်ရိက္ခာတွေ ပြတ်လပ်နေတယ်လို့ ကြားထားတော့ အတတ်နိုင်ဆုံး သွားရောက်ကူညီတာ ဖြစ်ပါတယ်” ဟု ချင်းကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ဆလိုင်းဗန်ဘီးနှီးဆာက နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

"ကျောင်းသားသမဂ္ဂများကွန်ရက်(ပခုက္ကူ)"တွင် ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ပခုက္ကူနည်းပညာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ပခုက္ကူကွန်ပျူတာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ပခုက္ကူပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂနှင့် ချင်းကျောင်းသားသမဂ္ဂ (ပခုက္ကူ) တို့ပါဝင်သည်ဟု သိရသည်။

ရခိုင်ပြည်နယ်၊ မင်းပြားဒေသရှိ စစ်ဘေးသင့်ပြည်သူများထံသို့ အလှူပစ္စည်းများ ပေးပို့နိုင်ရေးအတွက် အကြိမ်ကြိမ် ကြိုးစားခဲ့ကြသော်လည်း အခြေအနေတစ်ချို့ကြောင့်  သွားရောက်နိုင်ခြင်းမရှိခဲ့ကြောင်း၊  သို့သော် ကျောင်းသား/သူများ၊ မိဘပြည်သူများထံမှ ရရှိထားသော အလှူပစ္စည်းများအားလုံး လေလွင့်ခြင်းမရှိ၊ လက်ရှိချိန်ထိ စုံလင်စွာ ရှိနေဆဲဖြစ်သည့် အားလျော်စွာ စစ်ဘေးသင့်ပြည်ပြည်သူများထံသို့ ကျောင်းသားများကိုယ်တိုင် သွားရောက် လှူဒါန်းသွားမည်ဖြစ်ပါကြောင်း၊  ထိုသို့သွားရောက်လှူဒါန်းရာတွင်  ချင်းကျောင်းသား သမဂ္ဂ(ပခုက္ကူ)မှ ကျောင်းသား ခေါင်းဆောင်၂ ဦးနှင့် အခြား ညီနောင်သမဂ္ဂများမှ ကျောင်းသားကိုယ်စားလှယ် (၇) ဦး၊ စုစုပေါင်း (၉) ဦး လိုက်ပါသွားမည်ဖြစ်ကြောင်း ၎င်းတို့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ