တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်တွင် ၈ လကျော်အတွင်း စစ်ဘေးရှောင် ၁၆,၀၀၀ ကျော်ကို နေရပ်ပြန်ပို့နိုင်ခဲ့ဟု နစကကောင်စီထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.6k

အေးမြတ်ခိုင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၃/၂၀၂၁
ရခိုင်ပြည်တွင်းမှ စစ်ဘေးရှောင် ၁၆,၀၀၀ ကျော်ကို ၈ လကျော်အတွင်း နေရပ်ပြန်ပို့နိုင်ခဲ့သည်ဟု နစကကောင်စီပိုင်သတင်းစာများတွင် ယမန်နေ့က ဖော်ပြထားသည်။
ပြီးခဲ့သည့် ဧပြီလမှ ဒီဇင်ဘာလ ၂၁ ရက်အထိ ရခိုင်ရှိ စစ်ဘေးရှောင်အိမ်ထောင်စု ၃၈၅၈ စု၊ လူဦးရေ ၁၆,၇၁၇ ဦးတို့ကို မူလနေရပ်များသို့ ပြန်လည်နေထိုင်နိုင်ရေး ဆောင်ရွက်ပေးနိုင်ခဲ့သည်ဟု ဆိုသည်။
ဒီဇင်ဘာ ၁၉ ရက်က ရခိုင်ပြည်နယ်သို့ ရောက်ရှိခဲ့သည့် ပြည်ထောင်စုဝန်ကြီးများ၏ခရီးစဉ်များနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ရာတွင် ယခုကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။
ယခုစာရင်းသည် စစ်ဘေးရှောင်အရေးဆောင်ရွက်နေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏စာရင်းနှင့် ကွာဟမှုရှိသည်ဟု REC ဥက္ကဋ္ဌ ဦးရွှေဖော်စိန်က နိရဥ္စရာကိုပြောသည်။
"REC အနေနဲ့ပဲဖြစ်ဖြစ်၊ စစ်ဘေးရှောင်စခန်းကပြန်သွားတဲ့လူတွေကို အတိအကျ ဘယ်သူက ဘယ်ပြန်သွားတယ်ဆိုတာကို ဖော်ပြလို့မရသေးပါဘူး။ စာရင်းအရ၊ အစိုးရရဲ့ဖော်ပြချက်အရနဲ့က နည်းနည်းတော့ ကွာပါတယ်"ဟု ပြောသည်။
ရခိုင်တွင် ၂ဝ၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှ ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလအထိ ရက္ခိုင့်တပ်တော်(AA)နှင့် စစ်တပ်တို့ တိုက်ပွဲများဖြစ်ပွားခဲ့မှုကြောင့် စစ်ဘေးရှောင်ဦးရေ ၂ သိန်းခန့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။
ယင်းအနက် စစ်ဘေးရှောင်အများအပြားနေရပ်ပြန်သွားကြပြီဖြစ်ပြီး ၆ သောင်းကျော် နေရပ်မပြန်နိုင်ဘဲရှိနေသေးသည်ဟု REC ၏ စာရင်းအရ သိရသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာအနီးရှိ ကျေးရွာများအနီး မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများကို အစိုးရက ရှင်းလင်းပေးမှုမရှိသည့်အပြင် အရဲစွန့်ပြန်သွားပါကလည်း လုပ်ကိုင်စားသောက်ရန်အခက်အခဲများရှိနေ၍ နေရပ်မပြန်နိုင်ကြသေးခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်များက ပြောသည်။
ဓာတ်ပုံ - အမ်းမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်းတစ်ခုအားတွေ့ရစဉ်။ Photo - ချစ်အိလှိုင်

ဆက်စပ် သတင်းများ