တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

နစကဝန်ကြီးများက နေရပ်ပြန်ရန် တိုက်တွန်းခဲ့သော်လည်း နေရပ်ပြန်ရန်အခက်ခဲရှိနေဆဲဟု မြောက်ဦးတိမ်ညိုစစ်ဘေးရှောင်များပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.4k

အေးမြတ်ခိုင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၃/၂ဝ၂၁
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ရှိ တိမ်ညိုစစ်ဘေးရှောင်စခန်းရှိစစ်ဘေးရှောင်များအား နေရပ်ပြန်ရန် နစကဝန်ကြီးများက ပြီးခဲ့သည့်ရက်ပိုင်းတွင် ပြောဆိုခဲ့သော်လည်း နေရပ်ပြန်ရန်အခက်ခဲရှိနေဆဲဟု အဆိုပါစစ်ဘေးရှောင်စခန်းမှ ဒေါ်အေးအေးက နိရဥ္စရာကိုပြောသည်။
"စစ်ဘေးရှောင်ဘဝနဲ့နေတာလည်း ၃ နှစ်လောက်ရှိပြီဆိုတော့ အိမ်တွေ၊ ယာတွေ ပျက်စီးနေတာတွေ စားဝတ်နေရေးအဆင်မပြေတာတွေရှိသေးတယ်။ စစ်သားတွေလည်း ဒီနားမှာခိုလုံလို့ရှိနေသေးတဲ့အတွက် နေရပ်မပြန်နိုင်သေးတာပါ။ ပြီးတော့ ကျမတို့အနေနဲ့ကလည်း တိုက်ပွဲတွေပြန်ဖြစ်လာရင်ရောဆိုတဲ့စိတ်က အမြဲတမ်းလွှမ်းမိုးနေပါတယ်"ဟု ပြောသည်။
နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းတို့သည် ဒီဇင်ဘာလ ၁၈ ရက်တွင် တိမ်ညိုစစ်ဘေးရှောင်စခန်းသို့ရောက်ရှိလာပြီး စစ်ဘေးရှောင်များအား နေရပ်ပြန်ရန် တိုက်တွန်းသွားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်အနေဖြင့် စစ်ဘေးရှောင်များကို ရိက္ခာများထောက်ပံ့နေရသည့်အတွက် စရိတ်ကုန်မှုများပြီး နေရပ်ပြန်သင့်နေပြီဖြစ်၍ ပြန်မည်ဆိုလျှင် ကူညီပေးမည်ဟုပြောဆိုခဲ့ကြောင်း တိမ်ညိုစစ်ဘေးရှောင် စခန်းတာဝန်ခံဦးဦးစိုးနိုင်က နိရဥ္စရာကိုပြောသည်။
"သူတို့ပြောသွားတာကတော့ တည်ငြိမ်အေးချမ်းနေပြီဖြစ်တဲ့အတွက် ပြန်မယ်ဆိုလည်း ပြန်လို့ရနေပြီပေါ့။ ပြန်သင့်ပြီပေါ့။ ပြန်မယ်ဆိုရင်လည်း အကူညီပေးနိုင်တယ်လို့ပြောပါတယ်။ နိုင်ငံတော်ကလည်း စစ်ဘေးရှောင်တွေကို ရိက္ခာတွေဘာတွေထောက်ပံ့ရတဲ့အတွက် စရိတ်ကုန်မှုများတယ်ပေါ့လေ။ အဲ့ဒီငွေတွေကို ကျေးရွာဖွံ့ဖြိုးရေးမှာ သုံးရင်ပိုအဆင်ပြေတယ်ပေါ့။ အဲ့ဒီသဘောပြောပါတယ်ခင်ဗျ" ဟု ပြောသည်။
ရေရှည်အပစ်အခတ်ရပ်စဲထားသည့်အခြေနေမျိုးမဟုတ်သမျှ အဆိုပါစစ်ဘေးရှောင်များအနေဖြင့် နေရပ်ပြန်ရန်အခက်ခဲရှိနေဦးမည်ဟု ဦးဦးစိုးနိုင်က ဆက်ပြောသည်။
"ရေရှည်အပစ်အခတ်ရပ်စဲတဲ့အခြေနေမျိုးမဟုတ်သမျှ ဒီလူတွေကလည်း အသင့်ပြန်ခိုင်းမှပဲ ပြန်မယ့်သဘောဖြစ်တယ်။ အထက်လူကြီးပိုင်းတွေက နှစ်ဘက်ညှိနှိုင်းပြီး ငြိမ်းချမ်းတဲ့ bilateral လို လက်မှတ်ထိုးပြီးတဲ့အခြေအနေမှ စစ်ဘေးရှောင်တွေပြန်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်ဗျ"ဟု ပြောသည်။
တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် မြောက်ဦး၊ ကျောက်တော်၊ ပလက်ဝမြို့နယ် ၃ ခုမှ စစ်ဘေးရှောင် အိမ်ထောင်စု ၇၇၃ စုမှ လူဦးရေ ၂၈ဝဝ ကျော််နေထိုင်လျက်ရှိသည်ဟု သိရသည်။
ရခိုင်တွင် ပြီးခဲ့သည့် ဧပြီလမှ ဒီဇင်ဘာလ ၂၁ ရက်အထိ ၈ လကျော်အတွင်း စစ်ဘေးရှောင် ၁၆,၀၀၀ ကျော်ကို နေရပ်ပြန်ပို့နိုင်ခဲ့သည်ဟု နစကကောင်စီပိုင်သတင်းစာများတွင် ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်တွင် ဖော်ပြထားသည်။
ယခုစာရင်းသည် စစ်ဘေးရှောင်အရေးဆောင်ရွက်နေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏စာရင်းနှင့် ကွာဟမှုရှိသည်ဟုလည်း REC ဥက္ကဋ္ဌ ဦးရွှေဖော်စိန်က နိရဥ္စရာကိုပြောသည်။
ရခိုင်တွင် လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ ၆ သောင်းကျော်ကျန်ရှိနေသေးသည်ဟု REC စာရင်းအရ သိရသည်။
၄င်းတို့၏ကျေးရွာအနီး မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများကို အစိုးရက ရှင်းလင်းပေးမှုမရှိသည့်အပြင် အရဲစွန့်ပြန်သွားပါကလည်း လုပ်ကိုင်စားသောက်ရန်အခက်အခဲများရှိနေ၍ နေရပ်ပြန်ရန်ခက်ခဲနေသေးသည်ဟုလည်း ၄င်းတို့က ဆိုသည်။

ဆက်စပ် သတင်းများ