တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်စစ်ဘေးရှောင်စခန်းများရှိ နေအိမ်များ ပျက်စီးလာ၍ စခန်းနေအမျိုးသမီးများဘဝ လုံခြုံမှုအားနည်းလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 5.1k

မြထွီးသျှင်
နိရဥ္စရာ၊ ဇန်နဝါရီ ၂၈/ ၂ဝ၂၂
ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်စခန်းများရှိ နေအိမ်များမှာ ယခုနောက်ပိုင်း ပျက်စီးမှုရှိလာ၍ စခန်းနေအမျိုးသမီးများ၏ဘဝသည် လုံခြုံမှုအားနည်းလာနေသည်ဟု သိရသည်။
စစ်ဘေးရှောင်စခန်းများရှိ နေအိမ်တဲတန်းလျားများသည် ဆောက်လုပ်ထားသည့် သက်တမ်းကြာမြင့်လာ၍ ပျက်စီးယိုယွင်းမှုများရှိလာနေသည့်အတွက် စောင်ပုဆိုးများနှင့် ပလတ်စတစ်အကာများကို အသုံးပြုကာ အကာအကွယ်လုပ်ထားရသဖြင့် အမျိုးသမီးများမှာ လုံခြုံမှုမရှိဖြစ်နေကြောင်း ကျောက်တော်မြို့နယ် တောင်မင်းကုလားစစ်ဘေးရှောင်စခန်းရှိ အမျိုးသမီးတာဝန်ခံ မအေးခိုင်က နိရဥ္စရာသို့ပြောသည်။
“အပျိုမလေးတွေတောင်မဆိုနဲ့။ မိန်းမအကြီးတစ်ယောက်တောင် ရေချိုးတာတွေလည်း မလုံခြုံသလိုခံစားရတယ်။ စခန်းမှာ တစ်အိမ်နဲ့တစ်အိမ်ကနီးနီးလေးဆိုတော့ ဟိုအိမ်ဒီအိမ်မှာ ယောကျ်ားလေးရှိတယ်၊ မိန်းကလေးလည်းရှိတယ်ဆိုတော့ မိန်းကလေးတစ်ယောက်အနေနဲ့ ရေချိုးရတာတွေလည်း မလုံခြုံဘူး။ အိပ်ရတာတွေကအစပေါ့။ ကိုယ့်ဒေသမဟုတ်တဲ့အခါ ဒီလိုမျိုးခံစားရတယ်ပေါ့နော်။ ကျမတောင်မှ ရေချိုးနေတုန်း ချောင်းကြည့်ခံရဖူးတယ်။ ဒါကြောင့် နောက်နောင်ဒီလိုတွေ မဖြစ်ရအောင် အစည်းအဝေးတွေ လုပ်ပြီးပြောပြရတယ်” ဟုပြောသည်။
ယင်းစခန်းတွင် နေအိမ်များကို ပြန်လည်ပြုပြင်ရန် တစ်နှစ်တွင်တစ်ကြိမ်ခန့် ၀ါးနှင့်တာပေါ်လင်များကို အဖွဲ့အစည်းများက ထောက်ပံ့သော်လည်း ရာသီဥတုဒဏ်ကြောင့် ပြန်လည်ပျက်စီးမှုများရှိကြောင်း မအေးခိုင်က ဆက်ပြောသည်။
တောင်မင်းကုလားစစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၅ဝဝ ကျော်ရှိပြီး ယင်းအနက် အမျိုးသမီး ၁၅၂ ဦးနေထိုင်လျက်ရှိသည်ဟု သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်ရှိ အိမ်ထောင်စု ၁၃၇ စုနှင့် အမျိုးသမီး ၃၀၀ ကျော်ခန့်ရှိသော အထက်မြတ်လှဲစစ်ဘေးရှောင်စခန်းတွင်လည်း နေအိမ်အဆောင်များပျက်စီးနေမှုကို ကိုယ်ထူကိုယ်ထ ပြုပြင်နေရသည့်အတွက် အခက်အခဲရှိသည်ဟု စခန်းတာဝန်ခံ ကိုအောင်နိုင်ဝင်းက ပြောသည်။
“အမိုးအကာတွေက ၂ နှစ် ၃ နှစ်လောက်ကြာတော့ ပျက်စီးလာပြီ။ ပြန်လို့ပြုပြင်တာက ဒီနှစ်မှာမှ လေးဆောင်၊ ငါးဆောင်လောက်ပဲ ပြင်ရသေးတယ်။ ကိုယ်တတ်နိုင်သလောက်ပေါ့။ အမျိုးသမီးတွေအတွက် လုံခြုံအောင်တော့ ဖြစ်စေချင်တယ်” ဟုပြောသည်။
လက်ရှိတွင် စစ်ဘေးရှောင်များအနေဖြင့် နေရပ်ပြန်ရန် အဆင်မပြေဖြစ်နေသည့်အချိန်တွင် ပြည်နယ်ကောင်စီအနေဖြင့်လည်း စစ်ဘေးရှောင်များ၏လိုအပ်ချက်များကို အတတ်နိုင်ဆုံး ထောက်ပံ့ပေးသင့်သည်ဟု ရခိုင်ရှိ အမျိုးသမီးအရေးလုပ်ရှားနေသည့် Woman Generation ဒါရိုက်တာ ဒေါ်ခင်မြင့်ဇော်က ပြောသည်။
“အဓိကစစ်ဘေးရှောင်စခန်းတွေမှာ သူတို့အနေနဲ့ နေရပ်ကိုလည်းပြန်လို့မရနိုင်တဲ့အချိန်မှာ သူတို့တွေကို တတ်နိုင်သလောက်ထောက်ပံ့ပေးသင့်တယ်။ အပျိုဖော်ဝင်စမိန်းကလေးတွေကိုဆိုရင်လည်း Sex education လိုအပျိုဖော်ဝင်စနဲ့ပတ်သက်လို့ အသိပညာတွေက သိပ်မရတော့ လုံလုံခြုံခြုံနေဖို့အတွက် အသိပညာပေးမှုတွေကိုပေးရင် ပိုလို့အဆင်ပြေမယ်လို့ မျှော်လင့်တယ်” ဟုပြောသည်။
ရခိုင်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ရခိုင်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့အကြား တိုက်ပွဲများပြင်းထန်ချိန်တွင် တိုက်ပွဲဖြစ်ပွားရာဒေသများမှ ဒေသခံ ၂ သိန်းခန့် ထွက်ပြေးတိမ်းရှောင်လာခဲ့ရသည်ဟု သိရသည်။
လက်ရှိတွင် တိုက်ပွဲများမရှိတော့၍ စစ်ဘေးရှောင်ခန်းတွင် ယာယီခိုလှုံနေကြသည့် စစ်ဘေးရှောင်များမှာ မိမိတို့၏ နေရပ်များကို ပြန်ချင်လိုစိတ်များရှိကြသော်လည်း မိုင်းအန္တရာယ်နှင့် တိုက်ပွဲများပြန်ဖြစ်လာမည်ကို စိုးရိမ်နေကြ၍ နေရပ်မပြန်နိုင်သေးခြင်းဖြစ်သည်ဟု ဆိုသည်။
လက်ရှိ ရခိုင်တွင် နေရပ်မပြန်နိုင်သေးသည့်စစ်ဘေးရှောင်ဦးရေ ၆ သောင်းခန့်ရှိနေသေးသည်ဟု သိရသည်။

ဆက်စပ် သတင်းများ